ကလေးမြို့နယ်ရှိ သာစည်ရွာ၌ စစ်တပ်က တပ်စွဲပြီး နေအိမ်များကို ၂ ရက်ဆက် မီးတင်ရှို့နေ
ရန်ကုန်၊ ဩဂုတ် ၁၇
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ သာစည်ရွာ၌ အကြမ်းဖက် စစ်တပ်က တပ်စွဲထားပြီး နေအိမ်များကို ၂ ရက်ဆက် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက စတင်ကာ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း၊ သာစည်ရွာသည် နေအိမ် ၁၅၀၀ ကျော်ခန့်ရှိသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ရွာထဲ၌ တပ်စွဲပြီး မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု များနိုင်ကြောင်း သိရသည်။
“မနက်က စပြီး မီးထပ်ရှို့နေတာ။ အရင်စစ်ကြောင်းတွေတုန်းကလည်း ဝင်ရင်ရှို့ခံရတာပဲ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက် စစ်တပ်သည် သာစည်ကျေးရွာကို ဩဂုတ်လ ၁၅ ရက်နေ့ညပိုင်းမှ စ၍ ဝင်ရောက်တပ်စွဲနေခြင်းဖြစ်ပြီး ပြည်သူများနေအိမ်ကို ဩဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ယနေ့တွင်လည်း ထပ်မံ မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။