ရေဖြူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦး ကျဆုံး
ရန်ကုန်၊ သြဂုတ် ၁၈
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Dawei Information Center ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် နဘုလယ် ရေနက်ဆိပ်ကမ်းမှ ခမောင်းချောင်းရွာဘက်ကို စစ်ကြောင်း ထိုးလာသည့် စစ်သား ၁၀၀ ခန့်ကို ခမောင်းချောင်းရွာနှင့် ဧကနိရွာ အကြား၌ DDT တပ်ခွဲ ၃ နှင့် T-PDF ရဲဘော်များတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ပြီး T-PDF အဖွဲ့မှ ရဲဘော် ဖက်ထူးကျဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သြဂုတ်လ ၈ ရက်မှ ၁၈ ရက်နေ့ထိ ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ ကုန်းရေအင်း၊ ရငဲ၊ ဝဇွမ်းတော စသည့် ကျေးရွာ ၆ ရွာကို စစ်ကြောင်းထိုးပြီး ပြည်သူများကို လူသားဒိုင်းဖြင့် ဖမ်းဆီးခြင်း ၊ လူနေအိမ်များကို ဖောက်ထွင်း၍ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူကာ နေအိမ် ၄၀ ထက်မနည်းကိုမီးရှို့ဖျက်ဆီးခြင်း၊ ဆရာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦးခန့်ကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ သြဂုတ်လ ၁၈ ရက်နေ့၌ ရေဖြူသို့ စစ်ကြောင်း ၁ ကြောင်း၊ ကုန်းရေအင်းဖက်သို့ စစ်ကြောင်း ၁ ကြောင်း ခွဲ၍ ထွက်ခွာသွားပြီး လူသားဒိုင်းဖြင့် ဖမ်းဆီးထားသော ထိန်ကြီးရွာမှ အမျိုးသား ၃ ဦးကို ဆက်လက် ဖမ်းဆီးခေါ်သွားကြောင်းသိရသည်။
