ကျင့်ဝတ်ဝိနည်းနှင့်မညီသော ရဟန်းများအတွက် ပြည်သူ လှူဒါန်းသော ဆွမ်းစားလျှင် သံရည်ပူ ကဲ့သို့ ဖြစ်လိမ့်မည်ဟု ဝေဖန်ထောက်ပြခဲ့သော “ဘာမှမမျှော်လင့်နဲ့” ဇာတ်လမ်းပါဝင်သူ ၁၄ ဦးကို စစ်တပ်က ဖမ်းဆီး
ရန်ကုန်| ဩဂုတ် ၁၉
ကျင့်ဝတ်ဝိနည်းနှင့်မညီသော ရဟန်းများအတွက် လှူဒါန်းသော ဆွမ်းစားလျှင် သံရည်ပူကဲ့သို့ ဖြစ်လိမ့်မည်ဟု ဝေဖန်ထောက်ပြခဲ့သော “ဘာမှမမျှော်လင့်နဲ့” (Don’t expect anything!) အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းသည် ဗုဒ္ဓသာသနာကို အထင်အမြင်လွဲမှားစေရန် ဖန်တီးပုံဖော်ထားသည့် ဇာတ်လမ်းဖြစ်သည်ဟုဆိုကာ စစ်ကောင်စီက အသက် ၁၂ နှစ်အရွယ် မိန်းကလေးအပါအဝင် ၁၄ ဦးကို ဖမ်းဆီးထားကြောင်း သိရှိရသည်။
ဇူလိုင်လ ၂၄ ရက်နေ့မှာ အဆိုပါဇာတ်လမ်းကို Isi Dhamma YouTube Channel နှင့် Tiktok တို့တွင် လွှင့်တင်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံခဲ့ရာ ဖန်တီးသူများကို ဖမ်းဆီးရန် ဟန်ငြိမ်းဦးတယ်လီဂရမ်ချန်နယ်ကတစ်ဆင့် စတင်လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။
ဇာတ်ညွှန်း၊ ဒါရိုက်တာမှာ ဆွစ်ဇာလန် နိုင်ငံသား Didier Nusbaumer ဖြစ်ကြောင်းနှင့် သရုပ်ဆောင်များဖြစ်သော ဆန်းဝင်း(ခ) ဦးဇာနိန္ဒ၊ ယွန်းအိခင်(ခ) ယွန်းယွန်း၊ ဇာနည်ဦး၊ ဝင်းမိုး၊ ကျော်သက်ထွေး (ခ)ဖိုးထူး၊ ရဲလင်းထွန်း (ခ)ကိုရဲ၊ ချမ်းချမ်းမေ (ခ) ခင်ရူပါရှင်းသန့်၊ ရွှေရည်ဝင်း(ခ) ကဲကဲ၊ ကောင်းစံထွန်း(ခ) ကြယ်စင်၊ မိုးပြည့်ပြည့်သူ(ခ)ဂျူးဂျူးစံ၊ ခါတော်မီ(ခ)ခါခါ၊ ဖြိုးမောင်မောင် (ခ)ဂျိုးဆက်သွင်၊ ဉာဏ်လင်းဖြိုး(ခ) ဘရိုင်ယန် တို့ကို စစ်တပ်က ဖမ်းဆီးခဲ့သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဆွစ်ဇာလန် နိုင်ငံသား Didier Nusbaumer ၏ ဇာတ်လမ်း သည် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များ၏ သိက္ခာ၊ ကိုယ်ကျင့်တရားများအား ထိခိုက်ကျဆင်းစေသည်ဟုဆိုသော်လည်း လက်တွေ့ဇာတ်လမ်းတွင် ဝိနည်းနှင့်မညီပါက ရဟန်းသံဃာတော်များ စားသော ဆွမ်းသည် သံရည်ပူကဲ့သို့ ပူလောင်လိမ့်မည်ကို ထောက်ပြထားခြင်းဖြစ်သည်။
ဇာတ်လမ်းတွင် ပါဝင်သူများကို ဗုဒ္ဓဘာသာဝင်များဖြစ်ပါလျက် ကိုယ်အမူအယာ၊ နှုတ်အမူအယာဖြင့် ရဟန်းသံဃာတော်များ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားများကို ထိခိုက်ကျဆင်းစေသည်အထိ ဆင်ခြင်တုံတရားမဲ့စွာ ပြုမူဆောင်ရွက်ခဲ့ကြသူများဟု စစ်တပ်က စွပ်စွဲထားသည်။
စစ်ကောင်စီ၏ စွပ်စွဲချက်တွင် ဇာတ်လမ်းကို ကြည့်မြင်ရသည့် ဗုဒ္ဓဘာသာဝင်တို၏ စိတ်နှလုံးကို ထိခိုက်စေပြီး ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာ၊ သာသနာကို စော်ကားသည့် အပြုအမူများ သက်ရောက်ခဲ့သည်ဟု ထုတ်ပြန်သော်လည်း ဇတ်လမ်းတစ်ခုလုံးသည် ရဟန်းတု၊ ရဟန်းယောင်၊ စစ်တပ်နှင့်ပူးပေါင်းသော ဘုန်းကြီးများ၏ ဝိသေသလက္ခဏာများကို ပုံဖော်ထားခြင်းလည်းဖြစ်သည်။