တမူးမြို့နယ်တွင် ၃ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး
■ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှုများ ပြုလုပ်နေ
ရန်ကုန်၊ သြဂုတ် ၁၉
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ၃ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း အမျိုးသားလွတ်မြောက်ရေးတပ်တော် (N.L.A) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၃ ရက်နေ့တွင် ခမ်းပတ်မြို့မှ ထွက်ခွာလာသော အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကံမ္မကြီးရွာ အနီးရှိ ကုန်ထုတ်လမ်းအနီးတွင် အမျိုးသားလွတ်မြောက်ရေး တပ်တော် (N.L.A) က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားကာ စစ်တပ်ဘက်မှ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၄ ရက်နေ့တွင် ယင်း စစ်ကြောင်းသည် ထင်းဇင်ရွာဘက်ကို ဆက်လက် ထိုးဖောက် ရောက်ရှိလာပြီး N.L.A အဖွဲ့နှင့် ထင်းဇင်ရွာသစ်တွင် ဆက်လက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ထင်းဇင်ရွာသစ် ဘုန်းကြီးကျောင်းတွင်တပ်စွဲကာ ပြည်သူပိုင် အိုးအိမ်စည်းစိမ်များကို ယူဆောင် ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
သြဂုတ်လ ၅ ရက်နေ့တွင် အဆိုပါ စစ်ကြောင်းသည် ထင်းဇင်ရွာမှ မြောက်ဘက်သို့ ဆက်လက် ထွက်ခွာလာပြီး N.L.A တပ်တော်နှင့် နမ့်စပါ တံတားအနီးတွင် ထိတွေ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲသည် ၂ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ အကျအဆုံးများကာ Mi – 35 ရဟတ်ယာဥ်ဖြင့် မိနစ် ၄၀ ကြာ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး N.L.A တပ်တော် ဘက်မှ ဒု-ဗိုလ် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသေား တမူးမြို့နယ် Y.C.D.C ဝင်းအတွင်းကို အမျိုးသား လွတ်မြောက်ရေး တပ်တော် (N.LA) မှ CNDF အဖွဲ့၊ TDA အဖွဲ့တို့နှင့် ပူးပေါင်းကာ မွန်းလွဲ ၂ နာရီခွဲမှစ၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကာ ၅ နာရီခန့် တိုက်ပွဲ ကြာမြင့်ခဲ့ကြောင်း၊ ည ၈နာရီ ၁၁ မိနစ်အချိန်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ တိုက်လေယာဥ်ဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကျဲချကာ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အများအပြား ထိခိုက် ကျဆုံးပြီး ယနေ့ သြဂုတ်လ ၁၉ ရက်နေ့ တိုက်ပွဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲများကြောင့် ကလေး-တမူး အာရှလမ်းမကြီးရှိ ကမ္မကြီးကျေးရွာမှ ဘုတ်ကန်ကျေးရွာ အထိလမ်းပိုင်းကို စစ်ရေးကာလအတွင်း အခြေအနေအရ အသုံးမပြုကြပါရန် အမျိုးသားလွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ထားသည်။