ဒီပဲယင်းမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် လာသောကြောင့် ကျေးရွာ ၁၇ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ သြဂုတ် ၁၉
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် လာသောကြောင့် ကျေးရွာ ၁၇ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၆ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းက ဘုတလင်မြို့နယ်မှ အင်အား ၇၀ ကျော်ခန့်ဖြင့် ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာကာ သြဂုတ်လ ၁၈ ရက်နေ့တွင် စိုင်ပြင်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး စိုင်ပြင်ရွာ၊ ဂွေးပင်ကုန်းရွာ၊ မင်းတဲကုန်းရွာ၊ အင်းကုန်းရွာ၊ ကံပြားရွာ နှင့် သရက်ခေါင်းရွာတို့မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ယနေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စိုင်ပြင်ရွာမှ ပုဂံရွာသို့ ထပ်မံ ထွက်ခွာလာသောကြောင့် ကျခတ်ရွာ၊ ပျံကျရွာ၊ မကျည်းရွာ၊ စောက်ရွာ၊ နှဘဲလှရွာ၊ ရွှေဒါးကန်ရွာ၊ ကျောက်ဖြာရွာ၊ ပုဂံရွာ၊ နှောပင်ရွာ၊ လတ်တီးရွာ၊ ကြည်ရွာနှင့် သာစည်ရွာတို့မှ ပြည်သူ ၅၀၀၀ ကျော်ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုဂံကျေးရွာကို သွားရောက်စဥ် ပျံကျရွာ အနီးရောက်ရှိစဥ်၌ ပျံကျရွာ ရိပ်သာကျောင်းထဲကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၇၈ နှစ်အရွယ် အဘိုးအို တစ်ဦးကျည်ထိမှန်ခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။
” မနေ့ညနေက တိမ်းရှောင်ကြရတဲ့ ပြည်သူတွေရယ် အခုမနက်ပိုင်း ထပ်ပြေးနေကြရတဲ့ ပြည်သူတွေရယ် စစ်ရှောင်ဦးရေ သောင်းချီရှိနေပြီ အခုစားနပ်ရိက္ခာတွေ လိုအပ်နေတယ် ဘာလို့ဆိုတော့ အရာတော်နယ်ဘက်က ပြေးလာကြရင်လည်း ဒီပဲယင်းနယ်ပဲ ရွှေဘိုဘက်က ပြေးလာကြရင်လည် ဒီပဲယင်းနယ်ပဲ ရေဦးတောင်ဘက်ခြမ်းကပြေးရရင်လည် ဒီပဲယင်းနယ်ပဲဆိုတော့ စုဆောင်းထားကြတဲ့ စားနပ်ရိက္ခာတွေ ဆန်၊ ဆီ မလောက်တော့ဘူး။ အရေးပေါ် လိုအပ်နေပြီ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
ဒီပဲယင်း မြို့နယ်အတွင်း ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၂၁ ရက်နေ့က ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာကို ဝင်ရောက်စီးနင်းခဲ့ပြ အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ဇူလိုင် ၂၈ ရက်နေ့ကလည်း ဘုတလင်မြို့နယ်၊ ညောင်ကန်-စိုင်ပြင်ရှိ ဗကသရုံးကို ဝင်ရောက် စီးနင်းသတ်ဖြတ်ခဲ့သော စစ်ကြောင်း ဖြစ်ကြောင်း သိရသည်။