ရေဖြူမြို့နယ်ရှိ ဧကနိရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ် ၁၃ လုံး၊ ကား ၁ စီးနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဩဂုတ် ၁၉
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဧကနိရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ် ၁၃ လုံး၊ ကား ၁ စီးနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဧကနိရွာသားများ စစ်ဘေးရှောင်နေချိန် စစ်ကြောင်းထိုးဝင်ရောက်လာကာ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ပြီး ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ ဒေသပြည်သူများ ရွာထဲ ပြန်လည် ရောက်ရှိလာစဥ် နေအိမ် ၁၃ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင်လည်း ဝဇွမ်းတောရွာရှိ ဒေသပြည်သူ ၃ ဦး၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း၊ ဧကနိရွာနှင့် ဝဇွမ်းတောရွာများကို မီးရှို့ခြင်းအပြင် နေအိမ်အများအပြားကို ဝင်ရောက်မွှေနှောက်၍ ရွှေ၊ ငွေ၊ တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်းလည်း ဒေသပြည်သူများက ပြောကြားသည်။
( The Tanintharyi Times သတင်းဌာနသည် ရန်ကုန်ခေတ်သစ်မီဒီယာ၏ မိတ်ဖက်သတင်းဌာနဖြစ်သည်)