ထီးချိုင့်မြို့နယ်၊ ကွင်းကြီးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ဘက်မှ ထိခိုက်မှု များပြားသောကြောင့် Mi 35 ရဟတ်ယာဥ် ၂ စီးဖြင့် ပစ်ခတ်နေ
ရန်ကုန်၊ သြဂုတ် ၂၀
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကွင်းကြီးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ဘက်မှ ထိခိုက်မှု များပြားသောကြောင့် Mi 35 ရဟတ်ယာဥ် ၂ စီးဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် ကွင်းကြီးရွာအရှေ့ဘက် တောင်ရိုးပေါ်၌ ထီးချိုင့်မြို့မှ စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု များပြားသောကြောင့် Mi 35 ရဟတ်ယာဥ် ၂ စီးဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
“နံနက်ခင်း ၉ နာရီကျော်ကစပြီး ကွင်းကြီးရွာအရှေ့ဘက် တောင်ရိုးပေါ်ကနေ လက်နတ်ပစ်သံကြားရတယ်။ အဲလိုပစ်သံကြားရလို့ ကာကွယ်ရေးအဖွဲ့ကို မေးကြည်တော့ သူတို့နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်နေတာလို့ သိရတယ်။ ရွာထဲက ပြည်သူတွေလည်း အရေးပေါ် စစ်ဘေးရှောင့် ကာကွယ်ရေးအဖွဲ့က အသိပေးတာတွေရှိတယ်။ ကျွန်တော်တို့ဒေသပြည်သူတွေ ရွာထဲကနေ ထွက်ပြေးလာတော့ စစ်ကောင်စီဘက်က ၁၁ နာရီကျော်ကျော်လောက် တောင်ရိုးပေါ်ကို Mi 35 ၂ စီးနဲ့ လာပစ်တာ တွေ့မြင်ခဲ့ရတယ်။ ရွာတွေထဲကျလား။ မကျလားတော့ အတိအကျ မသိရသေးဘူး။ ရွာထဲက လူတွေကတော့ အကုန်ထွက်ပြေးနေရတယ်” ဟု ဒေပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ကွင်းကြီးရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် အရေးပေါ် စစ်ဘေးတိမ်းရှောင်နေရပြီး မြေပြင်တွင် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။