ဝက်လက်ရှိ ရှိမ်းမကား ရဲစခန်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ကျုံဒိုးမြို့ရှိ တောင်ကြာအင်းရွာ၌ တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု ၃ ဦးသေဆုံး
ရန်ကုန်၊ သြဂုတ် ၂၁
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရှိမ်းမကား ရဲစခန်းကို တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း People’s Servant Revolution – Wetlet အဖွဲ့ထံမှ သိရသည်။
သြဂုတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ခမရ ၇၀၁၊ ရဲ နှင့် ပျူစောထီး အင်အား ၅၀ ခန့် အထိုင်ချ တပ်စွဲထားစဥ် ပြည်သူ့အစေခံ ကာကွယ်ရေးအဖွဲ့၊ တပ်ခွဲ ၃ လျှပ်စီးပြောက်ကျားအဖွဲ့၊ Drone အဖွဲ့နှင့် နယ်မြဖွဲ့ခံ ပကဖ၊ Local PDFများပူးပါင်းတိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
သြဂုတ်လ ၂၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်ရှိ ပဒူ၊ ခက်ခ၊ စမွန်း၊ ကျွန်းဦးတော ကျေးရွာများမှ ရထားပြေးဆွဲရန် ပြင်ဆင်နေသော အကြမ်းဖက် စစ်တပ်က ခက်ခကျေးရွာမှ ပြည်သူပိုင် ဆိုင်ကယ်၊ ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများကို ပဒူကျေးရွာသို့ ခိုးယူသွားကြောင်း၊ စစ်ကိုင်း-ဝက်လက် အစပ် သံလမ်းဘေး တစ်လျှောက် ကျေးရွာများရှိ ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဓားစာခံအဖြစ်ဖမ်းဆီးပြီး၊ သံလမ်းပြင်ရန် ခိုင်းစေချင်များ ပြုလုပ်နေသောကြောင့် ပြည်သူများ ရှောင်ရှားကြရန် People’s Servant Revolution – Wetlet အဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းစံပြကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခမရ ၅၄၆ မှ စစ်သားများကို တော်လှန်ရေး တပ်ပေါင်းစုက ၃ ရက်ဆက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ဂဠုန်စစ်ကြောင်းထံမှ သိရသည်။
သြဂုတ်လ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းစံပြကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး ၊ ဒုတိယဗိုလ် ၁ ဦး နှင့် တပ်ကြပ် ၁ ဦးတို့ သေဆုံးပြီး ၁၃ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဂဠုန်စစ်ကြောင်း၊ Spring UAV Force G3 (Fixed Wings) တပ်ဖွဲ့ ၊ GD2 Drone Force တပ်ဖွဲ့၊ ဂဠုန်စစ်ကြောင်း လက်နက်ကြီးတပ်ဖွဲ့ တို့နှင့် အတူ မဟာမိတ် SDDF Drone တပ်ဖွဲ့ ၊ ကျားဖြူတပ်ခွဲ – ၃ (ပျံလွှားတပ်ခွဲ) Drone တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီး များဖြင့် ပြန်လည်ပစ်ခတ်ခြင်းကြောင့် တောင်ကြာအင်းစံပြကျေးရွာမှ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ရပြီး ပြည်သူများ မွေးမြူထားသည့် ကျွဲ၊ နွားနှင့် အိမ်မွေးတိရိစ္ဆာန်တို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။