ရေစကြိုမြို့နယ်၊ ကျောက်လှေခါးရွာရှိ စစ်တပ် ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ သြဂုတ် ၂၂
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးရွာရှိ စစ်တပ် ဂိတ်ကို ဝင်ရောက် ပစ်ခတ်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Shwe Nyar Myae People’s Defence Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၈ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ကျောက်လှေခါးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များကို အနီးကပ် လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပစ်ခတ်မှုအတွင်း စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း၊ ယင်း ဂိတ်စခန်းသည် လမ်းသွားလမ်းလာ ပြည်သူများထံမှ ဆက်ကြေးတောင်းခံပြီး ပြည်သူများကို ဖမ်းဆီးရိုက်နှက်မှုများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Shwe Nyar Myae People’s Defence Force (PDF)၊ Yesagyo Revolution Group (YRG) ၊ Southern YSO (PDF) နှင့် ဒေါင်းညီနောင် (PDF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။