အာခေါင်ကွဲ နှုတ်ခမ်းကွဲ ကလေးငယ်များကို ခွဲစိတ်ကုသပေးခဲ့သည့် ပြည်တွင်း ဆေးရုံများသို့ နိုင်ငံတကာSmile Train INC အဖွဲ့က ကုန်ကျစရိတ် အလှူငွေ ပေးပို့မှု စစ်ကောင်စီ ပိတ်ပင်ပြီး ငွေများ သိမ်းယူ
ရန်ကုန်၊ ဩဂုတ် ၂၄
မြန်မာနိုင်ငံတွင် အာခေါင်ကွဲ နှုတ်ခမ်းကွဲကလေးငယ်များကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ကြသည့် ပြည်တွင်းဆေးရုံ ဆေးခန်း ၄ ခုသို့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Smile Train INC ပရဟိတအဖွဲ့က ကုန်ကျစရိတ် အလှူငွေများ ပေးပို့မှုကို စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး ငွေများ သိမ်းယူသွားကြောင်း သိရှိရသည်။
ရန်ကုန်မြို့ရှိ ရွှေလမင်းဆေးရုံ၊ မန္တလေးမြို့ရှိ မန္တလာဆေးရုံနှင့် ရတနာ ဆေးခန်း၊ ရှမ်းပြည်နယ်ရှိ မြတ်တော်ဝင်ဆေးရုံတို့တွင် Smile Train INC တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို အခမဲ့ ခွဲစိတ်ကုသ ပေးသည့် လုပ်ငန်းများအတွက် Smile Train INC က ကုန်ကျစရိတ် နိုင်ငံခြားငွေများ လွှဲပို့လာကြောင်း၊ ယင်းသို့ လွှဲပို့လာမှုအပေါ် စစ်ကောင်စီက ခွင့်ပြုထားခြင်းမရှိ၍ နိုင်ငံခြားငွေများ လက်ခံခြင်းမပြုရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
“နှုတ်ခမ်းကွဲ အာခေါင်ကွဲတွေကို အဲဒီဆေးရုံဆေးခန်းတွေမှာ အခမဲ့ ခွဲစိတ်ကုသပေးတယ်။ အဲဒီအတွက် ကုန်ကျစရိတ်တွေကို Smile Train INC က လွှဲတာလို့ သိရတယ်။ အဲဒါကို ခွင့်မပြုဘူးဆိုပြီး ငွေတွေ သိမ်းသွားတယ်ကြားတယ်။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးတွေ အခမဲ့ ကုသတာတွေ ရပ်သွားမှာပဲ” ဟု ကျန်းမာရေးဝန်ကြီးဌာနနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။
Smile Train INC သည် အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့တွင် အခြေစိုက်ထားပြီး နိုင်ငံပေါင်း ၈၇ နိုင်ငံတွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များကို အခမဲ့ ခွဲစိတ် ကုသပေး လျက်ရှိသည့် အဖွဲ့အစည်းလည်းဖြစ်သည်။
စစ်ကောင်စီက လိုင်စင်ရရှိထားသည့် ဆေးရုံ ဆေးခန်းများတွင် နိုင်ငံခြားငွေများ လက်ခံခြင်း မပြုရန် ညွှန်ကြားထား ကြောင်း သိရှိရသည်။