ထားဝယ်၊ မောင်မယ်ရှောင်ရွာရှိ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး၌ စစ်ထောက်လှမ်းရေး ၂ ဦးပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၄
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဘုရားမဲ စစ်ဆေးရေးဂိတ်အနီးတွင် အကြမ်းဖက်စစ်တပ်မှ ထောက်လှမ်းရေး ၂ ဦးပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း Dawei Information Center မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဩဂုတ်လ ၂၂ ရက် ညနေ ၅ နာရီခန့်က အကြမ်းဖက်စစ်တပ်မှ ထောက်လှမ်းရေးဖြစ်သူ ဇင်မျိုးသန့် အောင်နှင့် ကျော်မြင့်တို့ကို ဘုရားမဲစစ်ဆေးရေးဂိတ်အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ကျည်အတောင့် ၂၀ ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဂိတ်နှင့်မလှမ်းမကမ်းနေရာမှာ သူတို့ နှစ်ဦးကို ကျည်ဆံအချက်၂၀ လောက်ပစ်ခတ်ခဲ့တယ်၊ ကျန်တဲ့ စစ်သားတွေကိုလည်း ခြောက်လန့်ရာ ရောက်တာပေါ့ဗျာ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
သေဆုံး ဇင်မျိုးသန့်အောင်နှင့် ကျော်မြင့်တို့ နှစ်ဦးသည် စစ်ထောက်လှမ်းရေး သင်တန်း ဆင်းထား သူ များဖြစ်ပြီး ၎င်းတို့၏ မိဘများမှာလည်း စစတပ်အတွင်းနေထိုင်သူများဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘုရားမဲစစ်ဆေးရေးဂိတ်သည် ထားဝယ်-ရေဖြူကားမလမ်းပေါ်တွင် တည်ရှိပြီး သြဂုတ်လ ၁၈ ရက် နေ့ကလည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ စနိုက်ပါဖြင့်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။