ပလမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရ၊ တနင်္သာရီရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်
ရန်ကုန်၊ ဩဂုတ် ၂၅
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့တွင်လည်း တစ်ပတ်အတွင်း အသက် ၇၂ နှစ်အရွယ် အဘွားတစ်ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဩဂုတ်လ ၁၈ ရက်နေ့တွင် ပလမြို့ဆိုင်းဘုတ်အနီးတွင် ကင်းပုန်းဝပ်ရန် လာသည့် စစ်သားများ လိုက်လံပစ်ခတ်၍ အမျိုးသား ၃ ဦး ကျည်ရှပ်ထိဒဏ်ရာနှင့် ကျည်ထိမှန်ဒဏ်ရာများ အသီသီးရရှိခဲ့ကြာင်း ၊ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်၍ ဩဂုတ်လ ၁၇ ရက်နေ့တွင်လည်း ပြည်သူ ၂ ဦး ကျည်စထိမှန်၍ ဩဂုတ်လ ၁၉ ရက်နေ့တွင်မူ အသက် ၇၂ နှစ်အရွယ် အဘွား တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်သည် ဝေဠုဝန်ကျောင်းတစ်ဝိုက်ရှိ လမ်းများကို ပါးစပ်အမိန့်နှင့် ပြည်သူများကို ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ခဲ့ပြီး ထိုသို့ ပိတ်ထားသည်ကို မသိ၍ လမ်းအတွင်း ဝင်သည့် ဘေးတွဲနှင့် သံတိုသံစ လိုက်ဝယ်နေသည့် အမျိုးသားတစ်ဦးကို ဩဂုတ်လ ၂၃ ရက်နေ့တွင် ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။
အကြမ်းဖက်စစ်တပ်သည် ထိုသို့ ပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်နေသည့်အတွက် ပလမြို့နေ ပြည်သူများမှာ နံနက် ၄ နာရီ ဈေးသည်များ ဈေးသွားချိန်မှလွဲ၍ ကျန်အချိန်များတွင် တိတ်ဆိတ်နေကာ ညနေ ၅ နာရီနောက်ပိုင်းတွင် အိမ်ထဲမှ အိမ်ပြင်သို့ မထွက်ကြတော့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့တွင် ဩဂုတ် ၂၄ ရက်နေ့ ညပိုင်းမှစ၍ ယနေ့ ဩဂုတ် ၂၅ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများနှင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးအဖွဲ့များထံမှ သိရှိရသည်။
ဩဂုတ် ၂၄ ရက်နေ့ည ၈ နာရီခွဲ အချိန်မှ စ၍ ည ၁၁ နာရီအထိ တနင်္သာရီမြို့ဘက်မှ ဘန်လောရွာဘက်သို့ လက်နက်ကြီးများနှင့် ဆက်တိုက်ပစ်ခတ်နေပြီး ပစ်ခတ်မှုကို အမတ ၃၀၆ ဘက်က ပစ်ခတ်နေသည်ဟု ပြောဆိုသူများ ရှိပြီး ရေဖြူဗျူဟာကုန်းဘက်မှ ပစ်ခတ်နေသည်ဟူ၍ ပြောဆိုနေမှုများလည်း ရှိကြောင်း သိရသည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘန်လောရွာထဲသို့ ကျရောက်ပေါက်ကွဲမှုရှိပြီး ပြည်သူများနှင့် နေအိမ်များ ထိခိုက်မှုအခြေအနေကို မသိရှိရသေးကြောင်း၊ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲမည်သည်အတွက်ကြောင့် လက်နက်ကြီးများနှင့်ပစ်ခတ်နေသည်ကို မသိရှိကြောင်း၊ PDF များဘက်မှ လက်နက်ကြီးများနှင့် ပစ်ခတ်နေသည်ကို မခံနိုင်၍ ခေတ္တ သွားရောက်ပစ်ခတ်ခြင်းမျိုးရှိပြီး တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိကြောင်း တော်လှန်ရေးရဲဘော်များက ပြောကြားသည်။
ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်မှ စ၍ ရေဖြူဗျူဟာကုန်းဘက်မှ ချောင်းနှစ်ပေါက်ရွာဘက်သို့ အကြမ်းဖက်စစ်တပ်၏ အင်အား ၄၀ခန့် ခြေလျင်စစ်ကြောင်းရောက်ရှိနေကြောင်း၊ ရေဖြူ ဗျူဟာကုန်းအနီးတဝိုက်ရှိ ရေဖြူရွာ၊ ထားပလတ်ရွာ၊ ထုံခါရွာများအပြင် ဘန်းလမွတ်၊ ညောင်ပင်ကုန်း၊ ထုံနွယ်၊ မြို့ပေါ်ရပ်ကွက်အချို့ စသည့်နေရာများတွင်စပ်တပ်မှ စစ်ကြောင်းထိုးခြင်း၊ ကင်းပုန်းဝပ်ခြင်း၊ ကင်းလှည့်ခြင်းများကို အခုလ ဒုတိယပတ်မှ ယနေ့အထိ တောက်လျှောက်လုပ်ဆောင်နေကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘန်းလမွတ်ကျေးရွာအုပ်စု၊ အရှေ့မော်တုံးကျေးရွာအုပ်စု၊ တမုတ်ချုံးကျေးရွာအုပ်စုရှိ ဒေသပြည်သူ အချို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။
(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

