ဆားတောင်မိုးကြိုး PDF စခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ စခန်းကို ဝင်စီးစဥ် စစ်သားများ မိုင်းနင်းမိပြီး ၇ ဦး ဒဏ်ရာရ
ရန်ကုန် ၊ ဩဂုတ် ၂၆
စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို ဩဂုတ်လ ၁၉ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ငွေကျပ် သိန်း ၁၀၀၀ ဝန်းကျင်ရှိ ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်ကြောင်း ၂ ကြောင်းခွဲ၍ ဝင်စီးခြင်း ဖြစ်ပြီး ဩဂုတ်လ ၁၇ ရက်နေ့တွင် စစ်တပ်က စခန်းကို ဦးတည်၍ စစ်ကြောင်းထိုးလာသည့်အတွက် စခန်းရှိ ရဲဘော်များသည် ပစ္စည်းများကို ကားပေါ်တင်၍ ရှောင်တိမ်းစဉ်တွင် မိုးများ၍ ကားမှာ ဗွက်နစ်ကာ စစ်ကြောင်း ၁ ကြောင်းနှင့် ထိပ်တိုက်တိုးပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ စခန်းကို ဝင်စီးသည့် စစ်ကြောင်းမှာမူ ဆားတောင်မိုးကြိုးအဖွဲ့မှ ထောင်ထားသည့် နင်းမိုင်း မိ၍ နောက်ကြောင်းပြန်ဆုတ်ကာ စစ်ကြောင်းပြန်ပေါင်းခဲ့ကြောင်း ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ခွေးကြောင်းနှစ်ကြောင်းခွဲထိုးထားဗျ။ တစ်ကြောင်းစခန်းဝင်စီးတာ နင်းမိုင်တွေထောင်ထားခဲ့တာ မိုင်းတွေကွဲတော့ ခွေး7ကောင် လောက် ဒဏ်တော့ရှေ့ဆက်မတိုးတော့ဘဲနောက်ပြန်ဆုတ်ပြီးခွေးကြောင်းပေါင်းတာဗျ” ဟု ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အကြမ်းဖက်စစ်တပ်နှင့် ထိတ်တိုက်တိုး၍ တိုက်ပွဲ ဖြစ်ပွားရာတွင် ပြန်ဆုတ်ချိန်တွင် ကားနှင့် ပစ္စည်းများ ထားခဲ့ရပြီး အဆိုပါ ပစ္စည်းများနှင့် ကားကို အကြမ်းဖက်စစ်တပ်မှ မီးတင်ရှို့သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်၏ မီးတင်ရှို့မှုကြောင့် ယမ်း ကျပ်သိန်း ၂၀၀ ကျော်ဖိုး၊ လက်နက်ထုတ်လုပ်ရေးပစ္စည်း ကျပ်သိန်း ၅၅ ကျော််ဖိုး၊ စားနပ်ရိက္ခာနှင့် အဝတ်အစားများ၊ မီးစက် ၂ လုံး၊ တွင်ခုံဖောက်စက်၊ လက်နက်ထုတ်လုပ်ရေးစက် ပစ္စည်များ၊ ရဲဘောများ၏ အသုံးအဆောင်ပစ္စည်းပစ္စည်းများနှင့် ကားအပါအဝင် စုစုပေါင်း သိန်း ၁၀၀၀ ဝန်ကျင်ခန့် ဆုံးရှုံးသွားခဲ့ရကြောင်း ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်း ထံမှ သိရှိရသည်။

