ရေတာရှည်ရှိ နဂျပ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရ၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်များ ပျက်စီး
ရန်ကုန်၊ သြဂုတ် ၂၆
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ နဂျပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရေတာရှည် PDF တပ်ဖွဲ့ထံမှ သိရသည်။
သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရေတာရှည်မြို့အနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် နဂျပ်ကျေးရွာကို ပစ်ခတ်ခဲ့ပြီး ယာခင်းထဲ ကျရောက်ပေါက်ကွဲကာ အသက် ၄၂ နှစ် အမျိုးသမီး ၁ ဦး ဦးခေါင်းနှင့် ခြေထောက် ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရကာ ဆေးရုံးသို့ အရေးပေါ် ပို့ဆောင်ကုသလျက်ရှိကြောင်း သိရှိရသည်။
ဩဂုတ်လအတွင်း အကြမ်းဖက်စစ်တပ်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်တိုက် လုပ်ဆောင်နေပြီး စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာနေ ပြည်သူများအနေဖြင့် သတိထား နေထိုင်ကြပါရန် Daung Min Thar ရေတာရှည် PDF က ထုတ်ပြန်ထားသည်။
အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များကို ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုထံမှ သိရသည်။
သြဂုတ်လ ၂၀ ရက်နေ့ ည ၉ နာရီခန့်တွင် မူး(မုန်း)မြို့နယ် အုပ်ချုပ်နယ်မြေ၌ အကြမ်းဖက် စစ်တပ်၏ ခမရ ၄၃၉ မှ ၁၂၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ရွာမကြီး ကျေးရွာအနားကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၇ နာရီခန့်တွင် ခမရ ၄၃၉ နှင့် ဘုရားငါးဆူကြားတွင် ရှိသော အကြမ်းဖက် စစ်တပ် မှ ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ ဇီးခေါ်ကျေးရွာဘေးတွင် ၁ လုံးနှင့် လူအကျေးရွာဘေးတွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မောင်နိုင်ဝင်း၏ နေအိမ် ၁ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် လယ်ဒို(ကျောက်ကြီး)မြို့နယ်၌ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၄ သည် ပိန်းဇလုပ်တွင် အခြေချပြီး ငါးဖယ်အင်းကျေးရွာအနီးကို ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး ၅ လုံး နှင့် ညနေ ၄ နာရီ ၂၀ မိနစ်တွင် ထိုးဝါးစိုက်ကျေးရွာအတွင်းကို လက်နက်ကြီး ၂ လုံးကိုပစ်ခတ်ခဲ့ပြီး ည ၇ နာရီ ၁၃ မိနစ်တွင် နံဇကျေးရွာ နှင့် ငါးဖယ်အင်းကျေးရွာအတွင်းကို လက်နက်ကြီး ၅ လုံးကို ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ သြဂုတ်လ ၂၄ ရက်နေ့တွင်လည်း ယောက်သွားကုန်းကျေးရွာအတွင်းကို လက်နက်ကြီး ၉ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ဆောထိ(ရွှေကျင်)မြို့နယ်၌ အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀ တပ်ရင်းက ညောင်လေးပင်ရွာတွင် အခြေချပြီး ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်တွင် ချုံအင်းကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးကျော်အေး၊ ဦးဆဲဂေ နှင့် ဦးမွန်ကြူးတို့၏ နေအိမ်များထိခိုက် ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ဦးမွန်ကြူး အိမ်၌ မွေးထားသော နွား ၁ ကောင်လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ည ၇ နာရီ ၁၃ မိနစ်တွင် ၎င်းတပ်မှ ပုဇွန်မြောင်းကျေးရွာ အတွင်းကို လက်နက်ကြီး ၂ လုံးနှင့်၊ ညောင်လေးပင်ရွာသစ်အတွင်းကို လက်နက်ကြီး ၃ လုံးထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၁၇ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀ တပ်ရင်းက ညောင်လေးပင်ရွာတွင် အခြေချပြီး ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ချုံအင်း ကျေးရွာ အတွင်းကို ပစ်ခတ်ခဲ့ရာ ညနေ ၆ နာရီ ၅၄ မိနစ်တွင် ကွင်းဒလကြီး ကျေးရွာအတွင်းကိုလည်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး ည ၇ နာရီ ၁၃ မိနစ်တွင် ညောင်ပင်ကြီးရွာဟောင်း အတွင်းကို ၂ လုံးထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
