37 C
Yangon

ရေဦးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးနိုင်

Must read

ရေဦးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးနိုင်

ရန်ကုန်၊ သြဂုတ် ၂၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးနိုင်ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၇ ရက်နေ့တွင် ရေဦးမြို့ တိုင်းရင်းဆေးရုံမှထွက်လာသည့် အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ ပါဝင်သော စစ်ကြောင်းသည် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးစဥ် ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း YEU PDF က ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် ထန်းတောရွာနှင့် ငြုပ်တုံရွာ အကြား အရောက်၌ မိုင်း ၂ လုံးဖြင့် လည်းကောင်း၊ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ရွာမိဿာရွာနှင့် ဇီးကုန်းရွာ အကြား အရောက်တွင် တိုက်မိုင်း ၁ လုံးဖြင့် လည်းကောင်း၊ နံနက် ၁၁ နာရီ ၄၄ မိနစ်ခန့်တွင် ဇီးကုန်းရွာနှင့် ကြည်ကုံးရွာ အကြား လက်တံ ၇ အရောက်တွင် မိုင်း ၁ လုံးဖြင့် လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် ဇီးကုန်းရွာနှင့် ကြည်ကုံးရွာ အကြား လက်တံ ၇ အနောက်ဘက်ဘောင် အရောက်တွင် မိုင်း ၁ လုံးဖြင့် လည်းကောင်း ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁၀ ဦး မိုင်းထိခဲ့ပြီး ၅ ဦးသေဆုံးနိုင်ကာ အဆိုပါ စစ်သား ၁၀ ဦးသည် လက်ရှိချိန်တွင် ဒီပဲယင်းမြို့ ဆေးရုံကြီး၌ ဆေးကုသနေကြောင်း သိရှိရသည်။

” မိုင်းက ဆက်တိုက်မိတာဆိုတော့ ၁၀ ကောင် ထိတာ မျက်မြင်တွေ့ရှိရပါတယ်။ စစ်ခွေး ၅ ကောင်ကတော့ သေနိုင်ချေရှိတာပေါ့။ အခု ဒီပဲယင်းဆေးရုံထဲမှာ ဆေးကုနေကြပါတယ်။ ကျွန်တော်တို့ အစွမ်းကုန် ကိုယ့်တပ်ရင်း တပ်ဖွဲ့မှာ ရှိတဲ့ လက်နက် ခဲယမ်းတွေနဲ့ ရဲရင့်မှုကို အားကိုးပြီး စစ်ခွေးတွေနဲ့ အနီးဆုံးထိကပ်ကာ မိုင်းဆွဲတိုက်ခိုက်နေပါတယ်။ ပြည်သူများ တော်လှန်ရေးကို ဆက်လက်ထောက်ခံအားပေးပါ။ အညာက တော်လှန်လူငယ်တွေ စစ်အာဏာရှင်ရဲ့ လည်ပင်းကို ဓါးနဲ့ မိုးထားပါတယ် လို့ပြောချင်ပါတယ်” ဟု ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article