စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၃ ပွင့် ဗိုလ်တစ်ဦးအပါအဝင် စစ်သား အများ အပြားသေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၈
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းကို ဦးစီးရန် ရောက်ရှိနေသည့် ၃ ပွင့်ဗိုလ် တစ်ဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်းမှ ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်မှ ညနေ ၄ နာရီခွဲခန့်အထိ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားသည့် ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်း ၆ စီးဖြင့် ဗုံးသီး ၁၈ လုံးကျဲ ချခဲ့ရာ ဗုံးသီးအားလုံး ရဲစခန်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ရဲစခန်းတစ်ခုလုံး အထိအခိုက် အပျက် စီးများပြားခဲ့ကာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဦးစီးရန် ရောက်ရှိနေသည့် ၃ ပွင့်ဗိုလ် တစ် ဦးပါအဝင် ၁၇ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အဓိကပစ်မှတ်ထားခဲ့တာက စခန်းမှူးနေအိမ်၊ စခ၊ ရခနေတဲ့ တန်းလျားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ တာ၊ စစ်ကြောင်းကို ဦးစီးဖို့ဆိုပြီး ရောက်နေတဲ့ ၃ ပွင့်ဗိုလ်တစ်ဦးလည်း တစ်ခါတည်းသေသွားတယ်၊ အဲဒီဗိုလ်ကိုတော့ မနေ့က ညပိုင်းမှာ သေနတ်တွေပစ်ဖောက်ပြီး ရဲစခန်းမှာ သင်္ဂြိုလ်လိုက်တယ်လို့ သိ ရတယ်၊ ပထမ သေတာ ၁၄ ဦးရယ်၊ ဒဏ်ရာရတဲ့အထဲက ၃ ဦးထပ်သေတယ်၊ စုစုပေါင်း ၃ ပွင့်ဗိုလ်ပါ ၁၇ ဦးသေတာ၊ ရဲစခန်းတစ်ခုလုံးလည်း ရစရာမရှိအောင် ပျက်စီးသွားတယ်လို့ သိရတယ်၊ ရဲစခန်းထဲမှာရှိ တဲ့ကားတွေ၊ အဆောက် အအုံ တွေ ပျက်စီးပြီး မှန်ကွဲတာတွေလည်းရှိတယ်” ဟု ကျောက်ဆည်ခရိုင် နဂါးနီ တပ်ရင်းမှ ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့မှ ဦးဆောင်ကာ ကျောက် ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Eagles Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့) ၊ မိတ္ထီလာ ပြည်သူ့ကာကွယ် ရေး ဒရုန်းတပ်ဖွဲ့ ၊ ဆားတောင်မိုးကြိုး (Local PDF) မိုးညို(မြင်းမူ) Local PDF ၊ အောင် သပြေညီနောင် (မြင်းမူ Local PDF) ၊ MRTF Drone Force ၊ Lightning Drone Force ၊ CDSOM အနောက်ခြမ်းတိုက်ခိုက်ရေး 001 ၊ Drop For Justice အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် များမှ လက်နက်ငယ် များဖြင့် ပြန်လည် ရမ်းသမ်းပစ် ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
