35 C
Yangon

မြန်မာရေတပ်ကို ဒေါ်လာ၂သန်းတန် ဆိုနာစနစ် တရားမဝင် ရောင်းချခဲ့ကြောင်း စင်ကာပူ နိုင်ငံသားနှစ်ဦး တရားရုံးမှာဝန်ခံ

Must read

မြန်မာရေတပ်ကို ဒေါ်လာ၂သန်းတန် ဆိုနာစနစ် တရားမဝင် ရောင်းချခဲ့ကြောင်း စင်ကာပူ နိုင်ငံသားနှစ်ဦး တရားရုံးမှာဝန်ခံ

ရန်ကုန်၊ဩဂုတ် ၂၈

မြန်မာစစ်အုပ်စုရဲ့ ရေတပ်ပိုင် စစ်တမ်းကောက်ယူရေး စင်တာတစ်ခုမှာ အသုံးပြုနေတဲ့ ဆိုနာစနစ် ကို စင်ကာပူနိုင်ငံသား နှစ်ဦးက လက်နက်နဲ့ မဟာဗျူဟာမြောက် ကုန်ပစ္စည်းရောင်းချမှု ထိန်းချုပ် ရေး ဥပဒေကို ချိုးဖောက်ပြီး တရားမဝင်ရောင်းချခဲ့တာဖြစ်ကြောင်း သြဂုတ် ၂၅ ရက်နေ့က တရားရုံးမှာ ဝန်ခံလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ စင်ကာပူအခြေစိုက် Hydronav Services ကုမ္ပဏီရဲ့ အသက် ၅၇ နှစ်အရွယ် အရောင်းမန်နေဂျာ Poiter Agus Kentjana နဲ့ အသက် ၇၀ အရွယ် ကုမ္ပဏီဒါရိုက်တာ Wui Ong Chuan တို့ပဲ ဖြစ်ပါတယ်။

သူတို့ကို မဟာဗျူဟာကုန်ပစ္စည်းများ (ထိန်းချုပ်မှု) ဥပဒေ အရ စွဲချက်တစ်ခုနဲ့ လိမ်လည်မှုတစ်ခုတို့ အတွက် စင်ကာပူတရားရုံးမှာ ရုံးတင်စစ်ဆေးခံနေရ တာ ဖြစ်ပါတယ်။

Wui ရဲ့ Hydronav ကုမ္ပဏီအနေနဲ့ အဆိုပါ အက်ဥပဒေအရ စွဲချက် နှစ်ခုအတွက် အပြစ်ရှိကြောင်း တင်သွင်းခဲ့ပြီး ဒီလုပ်ရပ်တွေကို ဦးဆောင်သူ Wui ဟာ ကုမ္ပဏီရဲ့ ပို့ကုန်-သွင်းကုန် ပိုင်းဆိုင်ရာ တစ်ဦးတည်း တာဝန်ခံ ဒါရိုက်တာလည်း ဖြစ်ပါတယ်။

Wui တို့ ကုမ္ပဏီက မြန်မာကုမ္ပဏီ Light of Universe ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၈ သန်း (စင်ကာပူဒေါ်လာ ၂ သန်းခန့်) နဲ့ ရောင်းချခဲ့တဲ့ အဆိုပါ ဆိုနာစနစ်မှာ ပင်လယ်ကြမ်းပြင် မြေပုံအမှတ်အသားပြုလုပ်နိုင်တဲ့ multi-beam echo sounder စနစ်ပါရှိနေပြီး လက်ရှိမှာ မြန်မာ့ရေပိုင်နက်အတွင်းမှာအသုံး ပြုနေတယ်လို့ သိရှိရပါတယ်။

အဆိုပါ စနစ်ကို အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ကြောင်း သတ်မှတ်ဖော်ပြထားပေမဲ့ စစ်ရေးအတွက်အသုံးပြုမှာ ဖြစ်ကြောင်း အ‌ထောက်အထားတစ်စုံတရာ ပြောကြားထားခဲ့တာ မ‌‌ေတွ့ရတာကြောင့် ဒီအရောင်းအဝယ်မှာ ပါဝင်ခဲ့သူ တစ်ဦးချင်းကို ဒဏ်ကြေးတောင်းခံသွားမှာဖြစ်ပြီး မူရင်းကုမ္ပဏီကိုလည်း ဒေါ်လာတစ်သန်းကျော် ဒဏ်ငွေတောင်းခံထားတယ်လို့ တရားလိုရှေ့နေတွေက ပြောပါတယ်။

ဒါ့အပြင် သူတို့နှစ်ဦးဟာ နည်းပညာ ထုတ်လုပ်သူ နော်ဝေကုမ္ပဏီ Kongsberg Maritime ဆီက အဆိုပါစနစ်ကို ဝယ်ယူချိန်မှာ အင်ဒိုနီးရှား ကုမ္ပဏီ Bina Nusantara Perkasa အတွက် ဝယ်ယူတာဖြစ်ကြောင်း လှည့်ဖျားခဲ့တယ်လို့ သိရပါတယ်။

အရောင်းတာဝန်ခံ Poiter ဟာ နော်ဝေအာဏာပိုင်တွေဆီက လျှောက်ထားရာမှာ ဆိုနာစနစ်ကို နောက်ဆုံးအသုံးပြုမယ့်သူဟာ အင်ဒိုနီးရှားကုမ္ပဏီဖြစ်တယ်လို့ လိမ်လည်စာရင်းသွင်းခဲ့တယ်လို့ ဆိုပါတယ်။

အရင်က အဆိုပါစနစ်ကို အသုံးပြုမယ့်သူနေရာမှာ “မြန်မာ့ရေတပ်ရဲ့ ရေအားလျှပ်စစ်ဗဟိုဌာန” ကို စာရင်းသွင်းထားတဲ့ လျှောက်လွှာနှစ်စောင်ကို နော်ဝေအာဏာပိုင်တွေက ပယ်ချခဲ့တာကြောင့် နောက်တစ်ကြိမ်မှာ နော်ဝေအာဏာပိုင်တွေ လက်ခံဖူးတဲ့ အင်ဒိုနီးရှားလုပ်ငန်းတစ်ခုကို လိမ်ညာထည့်သွင်းခဲ့တာကို Poiter က ဆိုပါတယ်။

နောက်ဆုံးမှာ နော်ဝေကနေ စင်ကာပူကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့မှာ အဆိုပါစနစ် ရောက်ရှိလာခဲ့ပြီး ဇူလိုင် ၂၀ ရက်နေ့မှာ

မြန်မာကို တရားမဝင် တင်ပို့ခဲ့တာ လို့သိရပါတယ်။ အဆိုပါ တရားမဝင် တင်ပို့မှုကို စင်ကာပူ အကောက်ခွန်ရုံးက တိုင်ကြားခဲ့ပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၅မှာ Hydronav Services ကုမ္ပဏီကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။

အစိုးရ ရှေ့နေ DPP Huang ရဲ့ အဆိုအရ ဥပဒေချိုးဖောက်မှုအတွက် ဒဏ်ငွေ ဒေါ်လာ ၁၀,၀၀၀ တောင်းခံထားပြီး Poiter အတွက် စုစုပေါင်းဒဏ်ငွေ ကန်ဒေါ်လာ ၂၅,၀၀၀-၃၀၀၀၀ ကြားနဲ့ Wui အတွက် စုစုပေါင်း ကန်ဒေါ်လာ ၃၀၀၀၀- ၃၅၀၀၀ ကြား ချမှတ်ဖို့ တရားရုံးကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

ကုမ္ပဏီအပါအဝင် သူတို့နှစ်ဦးအတွက် စီရင်ချက်အသီးသီးကို စက်တင်ဘာလမှာ ချမှတ်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

Photo – မြန်မာစစ်တပ်ထံ စစ်တမ်းကောက်ယူရေး ဆိုနာစနစ် ရောင်းချလို့ တရားစွဲခံနေရတဲ့ စင်ကာပူနိုင်ငံသားနှစ်ဦး

Ref: The Straits Times

မြန်မာစစ်တပ်ထံ စစ်တမ်းကောက်ယူရေး ဆိုနာစနစ် ရောင်းချလို့ တရားစွဲခံနေရတဲ့ စင်ကာပူနိုင်ငံသားနှစ်ဦး
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article