ကန့်ဘလူရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ကျေးရွာ ၅ ရွာကို တိုက်ခိုက်မှု ၁၀ ဦးသေဆုံး၊ ရေဦးတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပလဖ တာဝန်ခံ ကျဆုံး
ရန်ကုန်၊ သြဂုတ် ၂၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသော ကျေးရွာ ၅ ရွာကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့ထံမှ သိရသည်။
သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ကန့်ဘလူမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နတ်ပေး၊ ယော၊ လယ်လှ၊ ငါတို့ရွာနှင့် ဝက်တိုး(မြောက်)ရွာတို့ကို ဒေသ တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Kanbalu Underground Warriors အဖွဲ့၊ MPF U-18 နှင့် မြေပြင် Local အဖွဲ့များ ပူးပေါင်း၍ နတ်ပေးပျူစောထီးရွာကို ၈၁ မမ ၁၀ လုံး၊ ယောပျူစောထီးရွာကို ၈၁ မမ ၄ လုံး ၊ လယ်လှပျူစောထီးရွာကို ၆၀ မမ ၄ လုံး နှင့် ငါတို့ပျူစောထီးရွာကို ၆၀ မမ ၂ လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ယင်းနေ့ နံနက် ၁၂ နာရီ ၄၅ မိနစ်တွင် ဝက်တိုး(မြောက်)ရှိ အကြမ်းဖက် စစ်တပ်၏ အထိုင်ကင်းအတွင်းထိ ဒေသတော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပလဖ တာဝန်ခံကျဆုံးခဲ့ကြောင်း ရေဦးမြို့နယ် အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ်မှ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများနှင့် တောတောင်များအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံ ကိုနေမျိုးအောင် ကျဆုံးခဲ့ကြောင်း သိရသည်။
Photo – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ