26 C
Yangon

စစ်ကောင်စီနှင့်ဆန်းစပါး အသင်းတို့က ဆန်စျေးနှုန်းများကို သတ်မှတ် စျေး ထက် ပိုမရောင်းရန် ဖိအားပေး၊ ဆန်းစျေးနှုန်း လက်တွေ့ကျရန် မလွယ်ကူသေး

Must read

စစ်ကောင်စီနှင့်ဆန်းစပါး အသင်းတို့က ဆန်စျေးနှုန်းများကို သတ်မှတ် စျေး ထက် ပိုမရောင်းရန် ဖိအားပေး၊ ဆန်းစျေးနှုန်း လက်တွေ့ကျရန် မလွယ်ကူသေး

ရန်ကုန်၊ သြဂုတ် ၂၉

ပြည်တွင်းဆန်စျေးနှုန်း မြင့်တက်လာမှုကို ထိန်းချုပ်ရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့်စစ်ကောင်စီက အစည်းအဝေး ခေါ်ယူပြီး ဆန်စျေးနှုန်းများကို သတ်မှတ် စျေးနှုန်း ထက် ပိုမရောင်းရန်နှင့် စျေးလျော့ရောင်းချရန် ဖိအား ပေးမှုများ လုပ်ဆောင်လာကြောင်း ဆန်စပါး လုပ်ငန်းရှင်များထံမှ သိရသည်။

သြဂုတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီ၏ ညွှန်ကြားမှုအရ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဆန်ဈေးနှုန်း ကို ထိန်းချုပ်ရန်အတွက် ဆန်စက် လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်စပါးကုမ္ပဏီများကို တိုက်တွန်း နှိုးဆော်ချက် တစ်ရပ်ကို ထုတ်ပြန်ကာ ဖိအားပေး လုပ်ဆောင်လာ ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရွှေဘိုပေါ်ဆန်းဆန်များကို တစ်အိတ်လျှင် ၁၅၀,၀၀၀-၁၆၀,၀၀၀ ကျပ်ဖြင့် ရောင်းချခြင်း မပြုလုပ်ဘဲ သြဂုတ်လ ၂၈ ရက်နေ့မှစတင်ပြီး ရွှေပေါ်ဆန်း ဆန်တစ်အိတ်လျှင် ၁၂၅,၀၀၀ ကျပ်ထက် မပိုသောနှုန်းဖြင့် ဈေးလျှော့ချ ရောင်းရန်၊ ဧရာဝတီပေါ်ဆန်းဆန် အုပ်စုများကို တစ်အိတ်လျှင် ၁၁၀,၀၀၀-၁၂၀,၀၀၀ ကျပ် ဝန်းကျင် ရောင်းချနေမှုများကို တစ်အိတ်လျင် ကျပ် ၉၀,၀၀၀ မှ ၁၀၀,၀၀၀ ကျပ် အတွင်းသာ ဈေးလျှော့ချရောင်းရန်၊ ရက် ၉ဝ ဆန်များကို တစ်အိတ်လျှင် ၇၂၀၀၀ ကျပ်ထက်မပိုသောနှုန်းဖြင့် ဈေးလျှော့ ရောင်းချရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဖိအားပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ စျေးနှုန်းများဖြင့် ပြည်တွင်းစားဆန် အဓိက ရောင်းချနေသည့် ဝါးတန်း ကုန်စည်ဒိုင်ကို ဆန်များ ပေးပို့ရောင်းချမှု များတွင် အထက်ပါ ဈေးနှုန်းများ ထက်မပိုစေရေးအတွက် အထူးအလေးထားပူးပေါင်းပေးပါရန်နှင့် ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်ရှိ ဆန်လိုင်းများ၊ ဆန်အကျိုးဆောင်များထံသို့ ရွှေဘို ပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းများ ပေးပို့ရောင်းချသည့် နယ်မှဆန်စက်များ၊ ကုန်သည်ကြီးများ အနေဖြင့် အထက်ပါဈေးနှုန်းများထက်မပိုစေဘဲ ပုံမှန်ပေးပို့ သည့် ပမာဏများကို ပေးပို့ရောင်းချရန် နှိုးဆော်ချက်တွင်ပါရှိသည်။

ထို့ပြင် ဆန်စက်များ အနေဖြင့် ဝယ်ယူသိုလှောင်ထားသော စပါးများ၊ ကုန်အပ် လက်ခံထား သော စပါးများကို စနစ်တကျ စာရင်းပြုစုထားရန်၊ ဝယ်ဈေး၊ ရောင်းဈေး နှင့် ဝယ်သူ၊ ရောင်းသူမှတ်တမ်းများ၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက် ကျန် မှတ်တမ်းများ စနစ်တကျ ထားရှိရန်၊ ဧရာဝတီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း စသော ပြည်တွင်းစားဆန်နှင့် စပါးများကို သိုလှောင်ထားပါ က သိုလှောင်မှု မှတ်တမ်းများ ထားရှိရန်နှင့် ဈေးကွက်အတွင်းသို့ ပုံမှန်ရောင်းချမှုအတိုင်း ပုံမှန်ထုတ်ရောင်းပေးရန်၊ ပစ္စည်းရှိလျက် လျော့နည်းရောင်းချမှုများ လုံးဝမပြုလုပ်ရန်နှင့် ဆန်ဈေး၊ စပါးဈေး မြင့်တက်စေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေသူများကို ဝိုင်းဝန်းဖော် ထုတ်ပြီး အသင်းချုပ်သို့ ဖြစ်စေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ဖြစ်စေ အချိန်မီ တင်ပြ အသိပေးထားရန် စသည့်အချက်များလည်း ဖော်ပြထားသည်။

မြန်မာ ဆန်စပါး အသင်းချုပ်၏ ညီနောင်အသင်းများ ကုန်စည်ဒိုင်များ အနေဖြင့် မူမမှန်သော ဝယ်ယူမှုများ၊ နယ်စပ် ဒေသများသို့ ဌာနဆိုင်ရာ ခွင့်ပြုချက်မရှိဘဲ ကားလမ်း၊ ရေလမ်း၊ မီးရထားလမ်းတို့ဖြင့် ပေးပို့ရန် ဝယ်ယူမှုများသည် တရားမဝင် ကုန်သွယ်မှုဖြစ်နိုင်သဖြင့် ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရောင်းအဝယ်များကို စနစ်တကျ ဆောင်ရွက်ရန်နှင့် စပါးဈေးနှုန်းများကို သိန်း ၄၀ ကျော်သိန်း ၃၀ စသည့် မူမမှန်သည့် ဈေးများဖြင့် ဝယ်ယူစုဆောင်းမှုများအပေါ် သတိထား၍ လုပ်ဆောင်ရန်နှင့် ယင်းလုပ်ဆောင်မှုများသည် အန္တရာယ်ကြီးမားပြီး မလုပ်သင့်သော အရောင်းအဝယ်ပုံစံဖြစ်သည်ကို သတိထားရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီက ဆန်းစပါး ပြည်ပတင်ပို့မှုကိုလည်း ၄၅ ရက်တာ ပိတ်ပင် လိုက်ပြီး ဆန်စျေးနှုန်းကျဆင်းရေး လုပ်ဆောင်လာ ကြောင်း သိရှိရသည်။

“အခုထက်ထိတော့ မြေပြင် လက်လီစျေးထဲအထိတော့ ဆန်စျေးက ကျမလာ သေးဘူး။ စျေးတွေက အမြင့်ပိုင်းပဲ။ ကုန်သည်တွေဘက်ကလည်း စျေးအမြင့် ပိုင်း ကိုင်ထားကြတော့ ဘယ်လောက်လျှော့ရောင်းပါ ပြောပြော အယောင်ပြ လောက်ပဲ လျှော့ရောင်းတယ်။ ဒီနေ့ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၁ သိန်းခွဲ ကျော် ပေးနေရပါတယ်။ စပါးစျေးကလည်း ကောင်းတယ်။ ဆန်စျေးကလည်း ကောင်းနေတုန်းပဲ။ ပွဲရုံစျေးက အမြင့်ပိုင်းမှာရှိတော့ ပြန်ရောင်းတဲ့ လက်လီပိုင်း မှာလည်း တစ်ပြည်ချင်းစျေးက များနေမှာပဲ” ဟု ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အောင်သုခ ဆန်ဆိုင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article