ဝက်လက်တွင် စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး မအင်္ဂါထဲသို့ Royal D အချိုရည်ဘူး ထိုးသွင်းခဲ့မှု၊ အမျိုးသား ၃ ဦး ကိုလည်း သတ်ဖြတ်ခဲ့မှု ဖြစ်စဉ်ကို ကုလသမဂ္ဂ စုံစမ်းစစ် ဆေးရေး ယန္တရား သို့ ပေးပို့
ရန်ကုန်၊ သြဂုတ် ၂၉
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး မအင်္ဂါထဲသို့ Royal D အချို ရည် ဘူး ထိုးသွင်းခဲ့သည့် လူသတ်မှု၊ အမျိုးသား ၃ ဦးကိုပါ ရက်ရက်စက်စက် သတ် ဖြတ် ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (Independent Investigative Mechanism for Myanmar) ပေးပို့ထားကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သြဂုတ်လ ၂၅ ရက်နေ့၌ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ကျေးရွာ မြောက်ဘက်ရှိ သိမ်ကျောင်းဘက်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ မှ အင်အား ၁ဝဝ ခန့်ပါ စစ်ကြောင်းသည် ဝက်လက် မြို့နယ်၊ အနောက်ခြမ်း မင်္ဂလာရေစင်ကျေးရွာမှ တဆင့် ရွာသာကြီးရွာ၌ တပ်စွဲခဲ့ကြောင်း၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ရွာသာကြီးမှ နံနက် ၄ နာရီခွဲခန့်တွင် မြောက်ဘက်အရပ်သို့ ထွက်ခွာပြီး ကျီးကန်မြောက်ရွာသို့ ဝင်ကာ ပြည်သူ ၂ ဦးထံမှ ငွေကျပ် ၅၁၅ သိန်း၊ ပြည်သူ ၁ ဦးထံမှ ငွေကျပ် ၄ သိန်း၊ ဆွဲကြိုး ၁ ကုံးနှင့် ပြည်သူများထံမှ ဖုန်း အလုံး ၂၀ ထက် မနည်းလုယူသွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျီးကန် တောင်ရွာနှင့် မြောက်ရွာ အကြား စစ်ဘေးရှောင်နေသည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို နံနက် ၅ နာရီခန့်တွင် ဖမ်းဆီး ခေါ်ဆောင်ကာ အမျိုးသား ၃ ဦးကို ကျီးကန်မြောက်ရွာနှင့် တောင်ရွာကြားရှိ သရက်ခြံထဲတွင် ရက်စက်စွာ လည်လှီး သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ဖြစ်သူကိုလည်း အဓမ္မပြုကျင့်ကာ လည်ပင်းလှီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ကိုယ်ဝန်ဆောင် အမျိုးသမီး၏ မအင်္ဂါအတွင်းကို ရိုင်ရယ်-ဒီ (Royal-D) အချို ရည်ဗူးထိုးထွင်းထားခဲ့ကြောင်း၊ သတ်ဖြတ်ခံရသူများထဲမှ ကိုနိုင်လင်းဆိုသူမှာ စိတ်ကျန်းမာရေးချို့ယွင်းသူ တစ်ဦးဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လုံတောရွာ အရှေ့ဘက်သို့ ထွက်ခွာလာပြီး ပင်းဇင်းကျေးရွာ ထဲကို လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ပြီးနောက် ဝက်လက်မြို့အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ် သတ်ဖြတ်သွားသူ ၄ ဦးမှာ အသက် ၂၀ နှစ်အရွယ် မနှင်းဆီ (အမည်လွှဲ) ကိုယ်ဝန်ဆောင် အမျိုးသမီး၊ အသက် ၃၇ နှစ်အရွယ် ဦးနိုင်လင်း (စိတ်ကျန်းမာရေးချို့ယွင်းသူ)၊ အသက် ၅၆ နှစ်အရွယ် ဦးဟန်ရွှေနှင့် အသက် ၅၅ နှစ်အရွယ် ဦးတင်ဆန်းတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဥ် အသေးစိတ် အချက်အလက်များကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (Independent Investigative Mechanism for Myanmar) ကို ပေးပို့ထားကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနထံမှ သိရှိရသည်။
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူ ညီမျှမှုရ ရှိ ရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက် များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက် သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

