မူဆယ်မြို့နယ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်နေ
ရန်ကုန်၊ သြဂုတ် ၂၉
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု များပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၈ ရက်နေ့က စတင်ကာ မူဆယ်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း၊ ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၆ မိနစ်တွင် အကြမ်းဖက် စစ်တပ်က စယ်လန့်ကျေးရွာဘက်ကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲကာ ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။
“၂၈ ရက်နေ့ကစပြီး မူဆယ်မှာ TNLAနဲ့ စစ်ခွေးတွေ စစ်ရေးတင်းမာနေတာ ၂၈ ရက်နေ့တည်းက မူဆယ် ၁၀၅ မိုင်အမြောက်တပ်ကလည်း စယ်လန့်ရွာဘက်ကို စတင် ပစ်ခတ်နေတာ ဒီနေ့တော့ တိုက်လေယာဥ်နဲ့ ဗုံးကျဲပြီး စစ်ခွေးတွေ ထိုးစစ်ဆင်နေတယ်။ လက်နက်သံတွေကတော့ မူဆယ်တစ်မြို့လုံး နီးပါးကို ကြားနေရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
ယနေ့ ဆက်လက်ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိပြီး အကြမ်းဖက် စစ်တပ်က TNLA တပ်စခန်းရှိရာ စယ်လန့်ရွာဘက်ကို ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။