ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် သမန်းကျင်းရွာ မီးလောင်နေ
ရန်ကုန်၊ သြဂုတ် ၂၉
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် သမန်းကျင်းရွာ မီးလောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က သမန်းကျင်းရွာကို တိုက်လေယာဥ်၊ ရဟတ်ယာဥ်များဖြင့် ၃ ကြိမ် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ကျေးရွာအတွင်း မီးလောင်လျက်ရှိကြောင်း သိရသည်။
” စစ်ခွေးတွေက နံနက်က တိုက်လေယာဥ် ၂ စီး လာပစ်တယ်။ မွန်းလွဲပိုင်းမှာ တိုက်လေယာဥ်ကော ရဟတ်ယာဥ်ကောနဲ့ ပစ်နေတာ အခုညနေပိုင်းလည်း ထပ်လာပစ်တယ်။ ပြည်သူတွေ ကတော့ တိမ်းရှောင်နေရတယ်။ ပစ်ခတ်သံတွေလဲ ဆက်တိုက်ကြားနေရတယ်။ တိုက်ပွဲက ဆက်လက်ပြင်းထန်နေတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။