ရန်ကင်း၊ အရှေ့ဒဂုံနှင့် တောင်ဥက္ကလာပ ရဲစခန်းများအနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွား၊ မြောက်ဒဂုံနှင့် မြောက်ဥက္ကလာ တွင်လည်း ပေါက်ကွဲသံများ ထွက် ပေါ်နေပြီး စစ်တပ်က ရန်ကုန်လမ်းများကို ပိတ်ဆို့စစ်ဆေးနေ
ရန်ကုန်၊ သြဂုတ် ၂၉
ရန်ကုန်မြို့ရှိ ရန်ကင်း၊ အရှေ့ဒဂုံနှင့် တောင်ဥက္ကလာရှိ ရဲစခန်းများအနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၉ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်တွင် ရန်ကင်းမြို့နယ်၊ ၁၁ ရပ်ကွက်၊ ကံဘဲ့လမ်းရှိ ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ည ၉ နာရီ ၅ မိနစ်ခန့်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၅၅ ရပ်ကွက်၊ မင်းရဲ ကျော်စွာ လမ်းရှိ မြို့မရဲစခန်းအနီးတွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ ည ၈ နာရီ ၅၅ မိနစ်ခန့်ကလည်း တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက်၊သစ္စာလမ်းရှိ မြို့မရဲစခန်းဘေးလမ်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရ သည်။
အလားတူ မြောက်ဒဂုံမြိုနယ်နှင့် မြောက်ဥက္ကလာမြို့နယ် တို့တွင်လည်း ည ၈ နာရီကျော်ခန့်က ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ပြီး မည်သည့် နေရာ၌ ပေါက်ကွဲမှု ဖြစ်ပွားသည်ကို အတည်မပြုနိုင်သေးကြောင်း ဒေသ ပြည်သူ များက ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က တောင်ဥက္ကလာရဲစခန်းအနီးရှိ သစ္စာလမ်းနှင့် သုမင်္ဂ လာ လမ်းထောင့်ပိတ်ချလိုက်ပြီး စစ်ဆေးမှုများလုပ် ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ညပိုင်းကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)
Photo- Reuters။
