25 C
Yangon

ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့ရှိ ခလရ ၂၆၄ တွင် အရက်တစ်ပြား ယူ၍ တပ်ပြင်ပ စစ်ဆေးရေး ဂိတ်ဖွင့်ပေးမှု အချင်းများရာမှ အရာခံဗိုလ်ကို တပ်သား ပစ်သတ်

Must read

ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့ရှိ ခလရ ၂၆၄ တွင် အရက်တစ်ပြား ယူ၍ တပ်ပြင်ပ စစ်ဆေးရေး ဂိတ်ဖွင့်ပေးမှု အချင်းများရာမှ အရာခံဗိုလ်ကို တပ်သား ပစ်သတ်

ရန်ကုန်၊ ဩဂုတ် ၃၀

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့ရှိ ခလရ ၂၆၄ တွင် အရက်တစ်ပြား လက်ဆောင်ယူ၍ တပ်ပြင်ပ စစ်ဆေးရေး ဂိတ်ဖွင့်ပေးမှုနှင့်ပတ်သက်ပြီး အချင်းများရာမှ အရာခံဗိုလ်ကို တပ်သားက ပစ်သတ်လိုက်ကြောင်း ဒေသပြည်သူများနှင့် စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့ရှိ ခလရ ၂၆၄ တွင် အရာခံဗိုလ်နှင့် တပ်သားတို့ အချင်းများကြကြောင်း၊ အချင်းများသည့် အကြောင်းအရာမှာ ပိန်းဇလုပ်မြို့ အရှေ့ဘက် ကန်ကလေးရွာအထွက် ဆီဆိုင်တွင် စစ်တပ်က ဂိတ်ဖွင့်လှစ်ထားရှိ ကြောင်း၊ ယင်းဂိတ်တွင် မည်သူကိုမှ ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ပင်ထားကြောင်း၊ ဩဂုတ် ၂၆ ရက်နေ့တွင် တာဝန်ကျ စစ်သားက ပြည်သူတစ်ဦးကို ဂိတ်ဖွင့်ပေးလိုက်ကြောင်း၊ အဆိုပါ ပြည်သူက ဂိတ်ဖွင့်ပေးသည့် စစ်သားကို အရက်တစ်ပြား လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ခလရ ၂၆၄ မှ အရာခံဗိုလ်က ဂိတ်ဖွင့်ပေးလိုက်သည့် စစ်သားကို ဂိတ်နှင့် ၃ မိုင်အကွာတွင် PDF များ ရှိနေသည်ကို သိလျက်နှင့် အဘယ်ကြောင့် ဂိတ်ဖွင့်ပေးသနည်းဟု ဆိုကာ ဆဲဆိုကြောင်း၊ ထိုသို့ ဆဲဆိုသည့်အတွက် တာဝန်ကျ တပ်သား က သေနတ်ဖြင့် အရာခံဗိုလ်၏ နားထင်ကို သေနတ်ဖြင့် တေ့ပစ်ခတ်ကြောင်း၊ အရာခံဗိုလ်မှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ပိန်းဇလုပ်မှ ကန်ကလေးရွာဘက်ကိုထွက်တဲ့ ဆီဆိုင်နားမှာဂိတ်ရှိတယ်။ ဂိတ်ကဘယ်သူ့မှမဖွင့်ပေးဘူး။ ခလရ ၂၆၄ က ပိတ်ထားတာ။ တောဘက်ကလူတွေကိုရိက္ခာ ဖြတ်ထားတာ။ စျေးဝယ်စားလို့လည်းမရဘူး။ တာဝန်ကျတပ်သားက ကန်ကလေးရွာသားတစ်ယောက်ကို မြို့ပေါ်စျေးဝယ်လာတာ အပြန်ကိုအရက်ဝယ်ခဲ့ရင် ဂိတ်ဖွင့်ပေးမယ်ဆိုပြီး ဖွင့်ပေးလိုက်တယ်။ ရွာသားလည်းစျေးတက်ဝယ်ပြီး အပြန်ကျတော့ အရက်တစ်ပြား တပ်သားကို ဝယ်ပေးလိုက်တယ်။ အဲ့မှာအရာခံဗိုလ်သိတော့ လုံးဝမဖွင့်ပေးရဘူးဆိုပြီး တပ်သားနဲ့ပြဿနာတက်တာ။ နှစ်ဦးသား ဆဲဆိုထိုးကြိတ်ပြီးတော့ တပ်သားက အရာခံဗိုလ်ရဲ့နားထင်ကို တေ့ပစ်တာ။ ပစ်တဲ့ တပ်သားလည်း အဖမ်းခံထားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသည့် အရာခံဗိုလ်၏ နာရေးကို ဩဂုတ်လ ၂၉ ရက်နေ့တွင် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ညောင်လေးပင်မြို့နယ်အတွင်းရှိ စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခု။

ညောင်လေးပင်မြို့နယ်အတွင်းရှိ စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခု။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article