ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းသို့ စစ်တပ်က စစ်ကြောင်းထိုးလာ၍ ပြည်သူ ၈၀၀၀ ဝန်းကျင် မိုးထဲရေထဲ စစ်ဘေးရှောင်ပုန်းနေရ
ရန်ကုန်၊ ဩဂုတ် ၃၀
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းသို့ အကြမ်းဖက်စစ်တပ်က ယနေ့ ဩဂုတ် ၃၀ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကြောင်းထိုးလာ၍ ကျေး ရွာ ၉ ရွာမှ ပြည်သူ ၈၀၀၀ ဝန်းကျင်ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်ပုန်းနေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ အင်အား ၁၀၀ ကျော်ပါ စစ်တပ်၏ ခြေမြန်တပ်ရင်း ခမရ ၃၆၁ နှင့် ပျူစောထီးပူပေါင်း စစ်ကြောင်းဝင်ရောက်မှုကြောင့် ဇီးကုန်းနှင့် ထန်းကုန်းတိုက်နယ်အတွင်းကျေးရွာများဖြစ်သည့် ကိုးမြို့၊ တောင့်တဲကုန်း၊ ညောင်ဇင်ကြီး၊ သိုးဘိုး၊ ဖလံချိုင်၊ ငါးရာနဲ၊ သရက်ခေါင်း၊ မင်းဘာ ၊ လက်ထုတ်ကုန်းကျေးရွာများမှ ဒေသပြည်သူများ ထွက်ပြေး တိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း Infinity Group ထံမှ သိရှိရသည်။
“လောလောဆယ်တော့ ခန့်မှန်းခြေ ၈ ထောင်ဝန်းကျင်ရှိမယ်ဗျ။ လက်ရှိ စစ်ကြောင်းက သရက်ခေါင်းရွာထဲဝင်ရောက် တပ်စွဲသွားပါပြီဗျ”ဟု Infinity Group မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် ဩဂုတ်လ ၂၉ ရက် ညနေပိုင်း ဇီးကုန်းမြို့ အရှေ့ဘက် MEC သကြားစက်မှ တစ်ဆင့် ချင်မြစ်ကျင်းကျေးရွာတွင် ညအိပ်တပ်စွဲခဲ့ပြီး ယနေ့နံနက် အစောပိုင်းတွင် သရက်ခေါင်းကျေးရွာသို့ ဦးတည်၍ စစ်ကြောင်း ထိုးနေခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၃ ခုနှစ် ဇူလိုင်လလယ်ပိုင်းက မြင်တွေ့ရသည့် ထန်းကုန်းတိုက်နယ် စစ်ဘေးရှောင်ပြည်သူများ။