မူဆယ်နှင့်ကွတ်ခိုင်တို့တွင် စစ်တပ်နှင့် TNLA တို့ ၃ နေရာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တိုက်လေယာဥ်၊ လက်နက်ကြီး အလုံး ၆၀ ကျော်ဖြင့် ပစ်ခတ်
ရန်ကုန်၊ သြဂုတ် ၃၀
ရှမ်းပြည်နယ်၊ မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့တို့တွင် စစ်တပ်နှင့် TNLA တို့ ၃ နေရာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တိုက်လေယာဥ်၊ လက်နက်ကြီး အလုံး ၆၀ ကျော်ဖြင့် ပစ်ခတ်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ လက်အောက်ခံ ခမရ – ၄၂၀ ၊ ၄၁၇ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့သည် တအာင်းတပ်မတော်ရှိရာ လွယ်တယ်မိန်းတောင်ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် တအာင်းတပ်မတော်နှင့် နားထန်အနီးတွင် တစ်ကြိမ်၊ ညနေ ၅ နာရီ ၄၅ မိနစ်တွင် စယ်လန်းကျေးရွာအနီးတွင် တစ်ကြိမ် တိုက်ပွဲ ၂ နေရာဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ ကွတ်ခိုင်မြို့နယ်တွင်လည်း TNLA ရှိရာ လွယ်နောတောင်ကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ စကခ – ၁၇ ၊ ခမရ – ၅၇၇ ၊ ရမခ/ခရလ – ၄၅ တို့က ထိုးစစ်ဆင်လာသောကြောင့် နံနက် ၁၁ နာရီခန့်တွင် ခိုမုန်းကျေးရွာ အနီး၌ တအာင်းတပ်မတော်နှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တအာင်းတပ်မတော်မှ နံနက် ၉ နာရီ အချိန်တွင် မူဆယ်မြို့တွင်းသို့လည်းကောင်း၊ ည ၇ နာရီ ၅၀ မိနစ် အချိန်တွင် စယ်လန့်ရှိ စစ်တပ် စခန်းအား လည်းကောင်း၊ ည ၆ နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာသို့ လည်းကောင်း တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကာ စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု များခဲ့ပြီး အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အနီးဝန်းကျင်ကို အကြမ်းဖက် စစ်တပ်၏ နမ့်ဖက်ကာတပ်စခန်းမှ လွယ်မောက်တောင်ကို လက်နက်ကြီး အကြိမ် ၂၀ ၊ ၁၀၅ မိုင်တပ်စခန်းမှ ၁၅ ကြိမ်နှင့် လွယ်ကျလော့စခန်းမှ အကြိမ် ၃၀ ကျော် စယ်လန့်ရွာစေတီတောင်နှင့် စယ်လန့်ရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ထို့ပြင် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် တံတားဦးမှ ဂျက်ဖိုက်တာ ၁ စီးဖြင့် စယ်လန့်စေတီတောင်ကို ဗုံး ၈ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း အကြမ်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စယ်လန့်ကျေးရွာရှိ ဒေသပြည်သူများ၏ နေအိမ်များနှင့် လူထိခိုက်မှုရှိခဲ့ပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ တအာင်းတပ်မတော်နှင့် အကြမ်းဖက် စစ်တပ်တို့အကြား သြဂုတ်အတွင်း တိုက်ပွဲစုစုပေါင်း ၁၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။