ညောင်ရွှေမြို့နယ်တွင် စစ်တပ်က မိသားစု ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီး၊ မြစ်ကြီးနားမြို့ပေါ်တွင်လည်း စစ်တပ်က နေအိမ် ၁ လုံးကို ဝင်စီးပြီး လူငယ် ၁၁ ဦးကို ဖမ်းဆီးသွား
ရန်ကုန်၊ သြဂုတ် ၃၀
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မိသားစုဝင် ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေး ဒေသ၊ သပြေပင်သစ် အမှတ် ၃ ကျေးရွာနေ ကိုအောင်မျိုးဝင်း၊ ဇနီးဖြစ်သူ မမြအေး နှင့် ၎င်းတို့၏ အသက် ၁၈ နှစ်အရွယ် မိန်းကလေးဖြစ်သူနှင့် အသက် ၁၅ နှစ်အရွယ် သားဖြစ်သူတို့ကိုလည်း အကြမ်းဖက် စစ်တပ်က စက်လှေ ၂ စီး လူအင်အား ၁၀ ဦးကျော်ဖြင့် အကြောင်းမဲ့ လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။
သြဂုတ်လ ၂၉ ရက်နေ့တွင် ဆွေးမျိုးများက ညောင်ရွှေမြို့ ရဲစခန်းကို သွားရောက်တွေ့ဆုံရာတွင် ကလေး ၂ ဦးကို အချုပ်တွင် ချုပ်ထားပြီး မိဘဖြစ်သူ ၂ ဦး၏ သတင်းကို မသိရှိခဲ့ကြောင်း၊ ကလေး ၂ ဦးမှာလည်း အချုပ်ထဲ၌ ကြောက်လန့်၍ ငိုယိုနေကြကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
အလားတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ လယ်ကုန်းရပ်ကွက်မှ နေအိမ် ၁ လုံးကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၁၁ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် ရှေ့လယ်ကုန်းရပ်ကွက်ရှိ နေအိမ် ၁ လုံးကို အကြမ်းဖက် စစ်တပ်က အိမ်စီးကားများဖြင့် ဝင်ရောက် စီးနင်းပြီး လူငယ် ၁၁ ဦးလုံးကို ဖမ်းဆီးကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို ဖမ်းဆီးသွားကြောင်း သိရသည်။
“အဲအိမ်မှာ PDF ရှိတယ်ဆိုပြီး ဝင်ဖမ်းတာ အခုထိ ဘာသတင်းမှလဲ မရသေးဘူး။ အကုန်လုံးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲမှာ ဖမ်းထားတယ်လို့ပဲသိရတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။
