28 C
Yangon

စားအုန်းဆီ လုပ်ငန်းရှင်ဥက္ကဋ္ဌ ဦးဆန်းလင်း၊ ဆီကုန်သည်ကြီး ၄ ဦးကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် စရဖက ဖမ်းဆီး၊ စစ်ကောင်စီက သတ်မှတ်ထားသော ဆီစျေးနှုန်းဖြင့် မရောင်း၍ ဖမ်းဆီးခြင်းဟုဆို

Must read

စားအုန်းဆီ လုပ်ငန်းရှင်ဥက္ကဋ္ဌ ဦးဆန်းလင်း၊ ဆီကုန်သည်ကြီး ၄ ဦးကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် စရဖက ဖမ်းဆီး၊ စစ်ကောင်စီက သတ်မှတ်ထားသော ဆီစျေးနှုန်းဖြင့် မရောင်း၍ ဖမ်းဆီးခြင်းဟုဆို

ရန်ကုန်၊ ဩဂုတ် ၃၁

မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် ဆီကုန်သည်ကြီး ၄ ဦးကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် စစ်ဘက်ရေးရာလုံခြုံရေး(စရဖ)အဖွဲ့က ပူးပေါင်းဖမ်းဆီးလိုက်ကြောင်း ရန်ကုန် UMFCCI မှ စီးပွားရေးသမားတစ်ဦးက အတည်ပြုပြောဆိုသည်။

ဩဂုတ်လ ၃၀ ရက်နေ့ ညပိုင်းတွင် ဆီလုပ်ငန်းရှင်းဥက္ကဋ္ဌ ဦးဆန်းလင်း၊ ဆီကုန်သည်ကြီးများဖြစ်သည့် ဦးအေးစိန်၊ ဦးမြင့်ကြူ၊ ဦးဝမ်ထိုက်၊ ဦးထွန်းထွန်းဝင်းတို့ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စရဖတို့က ပူးပေါင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။

စားအုန်းဆီများကို ပြည်တွင်းသို့ တင်သွင်းရာတွင် ပြင်ပဒေါ်လာပေါက်စျေးဖြင့် ချိန်ညှိ၍ ရောင်းချသဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၀ ကျော်ရှိနေပြီး စစ်ကောင်စီကမူ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ ဖြင့် ရောင်းချခိုင်းထားမှုကို မလိုက်နာသဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုသိရသလောက်တော့ ဆီဥက္ကဋ္ဌနဲ့ တင်သွင်းခွင့်ပါမစ်ရ ဆီကုန်သည် ၄ ဦးကို စသုံးလုံးဌာနက စစ်မေးနေတယ်။ ဖမ်းတော့ ဖမ်းထားတယ်။ ဒါပေမယ့် တရားဝင် ဖမ်းတာမျိုးတော့မဟုတ်သေးဘူး။ စစ်မေးမြန်းလို့ စစ်တပ်က မကြိုက်ရင် ပုဒ်မ တပ်ပြီး အရေးယူမှာပေါ့။ စစ်ဆေးမေးမြန်းမှုမှာ အဆင်ပြေရင်တော့ ပြန်လွတ်နိုင်တယ်။ ကုန်သည်တွေကို စီးပွားရေးသမားတွေကို ရန်သူလို သတ်မှတ်ပြီး လိုက်ဖမ်းတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ စျေးနှုန်းကျဖို့အတွက် ဒီလိုမျိုး လုပ်လာတာ” ဟု ရန်ကုန် UMFCCI မှ စီးပွားရေးသမားတစ်ဦးက ဆိုသည်။

စစ်ကောင်စီလော်ဘီ တယ်လီဂရမ် သတင်း Page များကမူ စားအုန်းဆီဥက္ကဋ္ဌနှင့် ဆီကုန်သည် ၄ ဦးတို့ သည် စစ်ကောင်စီ သတ်မှတ်ပေးထားသော ဆီစျေးနှုန်းအတိုင်းမရောင်းဘဲ စျေးတင်ရောင်းချကြောင်း၊ ဆီကုန်သည်များသည် ဆီပေပါ ၂၀ ခန့်ကိုသာရည်ညွှန်းစျေးဖြင့် ဟန်ဆောင်အရောင်းပြပြီး အများစုကို လက်ကားရောင်းချရာတွင်ပင် ရည်ညွှန်းစျေးထက် တစ်ပိသာလျှင်ကျပ်၂၀၀၀ မှ ၃၀၀၀ အထိစျေးတင်ရောင်းချနေသဖြင့် လက်လီစျေးကွက်တွင် စားအုန်းဆီမှာ တစ်ပိသာကျပ် ၈၀၀၀ အထက်တွင် သာရှိနေကြောင်း၊ ခွဲတမ်းစနစ်ဖြင့် ပါမစ်ရသူသာဆီတင်သွင်းခွင့်ရခြင်းအပေါ် လောဘဇောတိုက် အမြတ်ကိုတင်ချင်သလိုတင် ရောင်းချနေသော ဆီကုန်သည်များ၏ လစဥ်အမြတ်မှာ တစ်ဦးလျှင် ကျပ်သိန်းပေါင်းတစ်သိန်းမှ ကျပ်သိန်းပေါင်းတစ်သောင်းခွဲကြားရှိကြောင်း စွပ်စွဲရေးသားထားသည်။

“တကယ်တမ်း စားအုန်းဆီကို ချုပ်ကိုင်ထားတာ သူတို့ စစ်တပ်က လူတွေပါ။ ဥက္ကဋ္ဌနဲ့ အခု အခေါ်ခံရတဲ့ ကုန်သည်တွေက ဓားစာခံ အယောင်ပြ နှိပ်ကွပ်ခံရတာပါ” ဟု မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ကုန်သည်တစ်ဦးက ဆိုသည်။

ဓာတ်ပုံ- မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်း အစည်းအဝေးတစ်ခုမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article