ဖာပွန်ခရိုင်ရှိ စစ်တပ်စခန်းများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် နေအိမ်များ ပျက်စီး
ရန်ကုန်၊ သြဂုတ် ၃၁
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ အကြမ်းဖက် စစ်တပ် စခန်းများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော်သတင်းစဥ်က ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (Karen National Liberation Army-KNLA) အမှတ် ၅ တပ်မဟာ လက်အောက်ခံ တပ်ဖွဲ့ ၀င်များက အကြမ်းဖက် စစ်တပ်၏ လယ်ကလေးကျိုးဒေသရှိ စခန်းကိုဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် KNLA က ဖာပွန်အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ-၄၃၄ တပ်စခန်းကို ၀င်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
လယ်ကလေးကျိုးအခြေစိုက် အကြမ်းဖက် စစ်တပ် စခန်းက သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လူသောမြို့နယ်၊ ကော်လူဒဲကျေးရွာအုပ်စု၊ ထီးထာကျေးရွာအတွင်းကို လက်နက်ကြီး ကျည် ၁၃ လုံးပစ်ခတ်ခဲ့ကြောင်း၊ ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ဖာပွန်အခြေစိုက် ဘောသေထာကျေးရွာအုပ်စု၊ ထူမေါဒဲကျေးရွာအတွင်း လက်နက်ကြီး ကျည် ၁၈ လုံးပစ်ခတ်ခဲ့ပြီး စေတီ ၁ ဆူ၊ သိမ် ၁ ဆောင်၊ အိမ် ၂ လုံးပျက်စီးခဲ့ပြီး နွား ၁ ကောင်လည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် သြဂုတ်လ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စစ်သုံးရဟတ်ယာဥ်ဖြင့် စားနပ်ရိက္ခာနှင့် စစ်လက်နက် ပစ္စည်းများ ၄ ကြိမ်လာရောက် ပစ်ချခဲ့ရာ စားနပ်ရိက္ခာနှင့် စစ်လက်နက်ပစ္စည်း အထုတ်ကြီး၊ အထုတ်ငယ်ပေါင်း ၁၂ ထုတ် အကြမ်းဖက် စစ်တပ် စခန်းအတွင်း ကျရောက်ခဲ့ကြောင်း သိရှိရသည်။
