ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး သရက်ခေါင်းရွာမှ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီး
■ ကျေးရွာပေါင်း ၁၄ ရွာမှ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀၀ ကျော် အရေးပေါ် အကူအညီ လိုအပ်နေ
ရန်ကုန်၊ စက်တင်ဘာ ၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး သရက်ခေါင်းရွာမှ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၅ ရက်နေ့မှ စတင်ကာ ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင် နေသည့် အင်တောပေါက်တဲတိုက်မှ အသက် ၆၀ အရွယ် ဦးကံထွန်း၊ ဖလံချိုင်ရွာမှ အသက် ၂၅ နှစ်အရွယ် ကိုကောင်းမြတ်နှင့် ရင်ခတ်ကုန်းရွာမှ အသက် ၁၉ နှစ်အရွယ် မောင်ရဲမင်းတို့ကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
အင်တောပေါက်တဲတိုက်မှ ဦးကံထွန်းကို အကြမ်းဖက် စစ်တပ်က လက်ပြန်ကြိုးတုတ် ပစ်သတ်ပြီး ရေထဲချထားခဲ့ကြောင်း၊ ဖလံချိုင်ရွာမှ ကိုကောင်းမြတ်သည်လည်း စစ်ဘေးတိမ်းရှောင်ရင်း အင်တောပေါက်တဲတိုက်၌ သတ်ဖြတ်ခံရကြောင်း၊ ရင်ခတ်ကုန်းရွာသား မောင်ရဲမင်းသည်လည်း စစ်ဘေး တိမ်းရှောင်ရင်း ရွာထိပ်၌ စစ်တပ် ကင်းပုန်းက ပစ်သတ်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက်ခေါင်းရွာကို ဇီးကုန်း သကြားစက်အထိုင်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်၏ ခမရ ၃၆၁ တပ်ရင်းနှင့် ပျူစောထီး အင်အား ၁၅၀ ကျော်သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ကာ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန့်ဘလူခရိုင်အတွင်းရှိ ဇီးကုန်းတိုက်နယ်နှင့် ထန်းကုန်းတိုက်နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ပြည်သူပိုင်ပစ္စည်းများ ခိုးယူခြင်း၊ နေအိမ်မီးရှို့ခြင်းနှင့် ပြည်သူများအား အကြမ်းဖက် သတ်ဖြတ်ခြင်းကြောင့် ကျေးရွာ ၁၄ ရွာကျော်မှ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ကုန်နှင့် ဆေးဝါးများအရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။