ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၊ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးအပေါ် အကူအညီများ လိုအပ်နေ
ရန်ကုန်၊ စက်တင်ဘာ ၁
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကာ အရေးအပေါ် အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၃၁ ရက်နေ့ နံနက် အစောပိုင်းတွင် မိုးများ အဆက်မပြတ် ရွာသွန်းနေသည့်ကြားမှ ခင်ဦး တောင်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ခြေလျင်စစ်ကြောင်း ထိုးလာသည့်အတွက် ကျေးရွာနေ ပြည်သူ ၈၀၀၀ ကျော်သည် မိုးထဲရေထဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့တောင်ဘက်ရှိ လောင်ရှည်ကျေးရွာအတွင်း ရောက်ရှိနေကာ အနီးပတ်ဝန်းကျင်ရှိ လက်ပံလှရွာ၊ ရွာသန်းရွာ၊ ပန်းတွင်းရွာ၊ ကျီးကန်ရွာနှင့် ရေအေးကုန်းရွာတို့မှ ကိုယ်ဝန်ဆောင် မိခင်များ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ပြည်သူ ၈၀၀၀ ကျော်သည် လက်ရှိ အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကာ ဆက်သွယ်လှူဒါန်းလိုသော ပြည်သူများအနေဖြင့် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားအဖွဲ့ထံ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့ပေါ်ကို သြဂုတ်လ ၃၀ ရက်နေ့တွင် ရောက်ရှိလာပြီး အင်အား ၁၀၀ ကျော်ဖြင့် ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။
Photo – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့