တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ ရေဖြူမြို့ပေါ်ရှိ စစ်တပ် ဂိတ်ကို ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၂
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်ခန့်တွင် သကျက်ရွာအနီး၌ အကြမ်းဖက် စစ်တပ်၏ ခလရ-၅၆၁ တပ်ရင်းက ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာစဥ် မြိတ်ခရိုင်တပ်ရင်း ၂ မှတပ်ခွဲ ၁ နှင့် တနင်္သာရီ မြို့နယ် (ပကဖ) အဖွဲ့တို့ ပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထိတွေ့ တိုက်ပွဲသည် ၁ နာရီနီးပါး ကြာမြင့်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရပြီး တနင်္သာရီမြို့နယ် (ပကဖ) ဘက်မှ ရဲဘော် လူပု ကျဆုံးကာ ကျန်ရဲဘော် ၂ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသ ပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာ နေထိုင်ပေးကြပါရန် မြိတ်ခရိုင်တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်ရှိ ရပ်တော်မူဘုရားအနီးရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရေဖြူမြို့ပေါ် ရပ်တော်မူဘုရားအနီးရှိ အကြမ်းဖက် စစ်သား ၁၅ ဦးခန့် တပ်စွဲထားသော စစ်တပ်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ရှပ်ထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
