ဒီးမော့ဆိုရှိ စစ်ကောင်စီတပ်၏ အထိုင်စစ်စခန်း ၂ ခု တိုက်ခိုက် သိမ်းပိုက် ပြီးနောက် စစ်သားအလောင်းများ၊ သုံ့ပန်းနှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ စက်တင်ဘာ ၄
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်စခန်း ၂ ခုကို စက်တင်ဘာလ ၂ ရက်နေ့တွင် ကရင်နီ ဒေသတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သား အလောင်းများ၊ သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိ ကြောင်း ကရင်နီသတင်းရင်းမြစ်များထံမှ သိရှိရသည်။
စက်တင်ဘာလ ၂ ရက်နေ့ ၊ စက်တင်ဘာလ ၃ ရက်နေ့၊ စက်တင်ဘာလ ၄ ရက်နေ့ တို့တွင် စစ်တပ်က ဂျက်တိုက် လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို တောက်လျှောက်ဆိုသလိုလုပ်ဆောင်ခဲ့ကြောင်း၊ စက်တင် ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်အချိန် စစ်ကောင်စီတပ်၏ ဂျက်တိုက် လေယာဉ် များက ဒီးမော့ဆို တိုက်ပွဲပြင်းထန်နေသော ဒီးမော့ဆိုမြို့နယ်တွင် လှည့်ပတ်၍ ဗုံးကျဲချသွားခဲ့ကြောင်း၊ ယနေ့ တွင်လည်း တိုက်လေယာဉ်များဖြင့် ဗုံးကျဲချနေကြောင်း သိရှိရသည်။
“စခန်း ၂ ခု သိမ်းလိုက်တာမှာ လက်နက်တွေလည်း ရထားတယ်။ စစ်ခွေး အလောင်းနဲ့ အရှင် ဖမ်းမိတာတွေလည်းရှိတယ် ” ဟု ရှေ့တန်း သတင်း ရင်းမြစ် တစ်ခုက ပြောဆိုသည်။
များမကြာမီ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက စခန်း ၂ ခု သိမ်းဆည်းရရှိမှု သတင်း ကို ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။
(ဆင်ဆာဖြတ်တောက်ထားခြင်းမရှိသည့် ဓာတ်ပုံ အကြည်များကို ရန်ကုန် ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/135674 တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)

