ညောင်လေးပင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးဒဏ်ရာရပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း လုယူသွား
ရန်ကုန်၊ စက်တင်ဘာ ၄
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးဒဏ်ရာရပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မုန်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ−၅၉၀ တပ်ရင်းက ကော့ပြင်းရွာကို လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ပြီး အသက် ၂၄ နှစ်အရွယ် ကိုဖြိုး လက်နက်ကြီးကျည် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
စက်တင်ဘာလ ၂ ရက်နေ့တွေင် ခမရ−၅၉၀ တပ်ရင်းက သာပြာအိုင်ကျေးရွာနှင့် မုန်းရပ်ကွက် (၆) တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး အသက် ၃၄ နှစ်အရွယ် သာပြာအိုင် ရွာသား မျိုးအောင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၃၀၇ တပ်ရင်းက တောကျွဲအင်း အရှေ့ဘက် အောင်ဇေယျရပ်ကွက်မှ သစ်ဖြူဆိတ်ရွာအတွင်း ၁၂၂ မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ သစ်ဖြူဆိတ်ရွာသူ အသက် ၂၂ နှစ်အရွယ် မအိသဇင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ရွှေကျင်မြို့နယ်တွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီခန့်က ဝိုင်းကျန်းရွာသား ဇနီးမောင်နှံ ၂ ဦးဖြစ်သည့် ဦးထွန်းထွန်းအေးနှင့် မနွယ်နီဝင်းတို့နှစ်ဦးသည့် ညောင်လေးပင်တွင် ပစ္စည်းသွားဝယ်ပြီး ပြန်လာချိန်တွင် ပုဇွန်မြောင်းဂိတ်၌ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး ၎င်းတို့နှင့် အတူပါလာသည့် ဆန် ၅ အိတ် ကာလတန်ဖိုးငွေ ကျပ် ၅ သိန်းကျော်ဖိုး နှင့် Alpha ၁ စီး တို့ကို လုယူသွားကြောင်း သိရသည်။

