ဒီးမော့ဆိုမြို့နယ်ရှိ စစ်တပ်၏ သေးဆူလဲ ၊ ပူဖား ခြေကုပ်စခန်း ၂ ခု သိမ်းပိုက်ရရှိမှုတွင် စစ်သား ၃၀ ကျော် သေဆုံးပြီး လက်နက် ၁၉ လက်နှင့် ခဲယမ်းများရရှိ၊ ခလရ ၉ မှ ဒုတပ်ရင်းမှူး ရဲလင်းနိုင် လက်အောက်ငယ်သားများကို အသေခံ ပစ်ခိုင်းပြီး ထွက်ပြေးသွား
ရန်ကုန်၊ စက်တင်ဘာ ၄
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်တပ်၏ သေးဆူလဲ ၊ ပူဖား ခြေကုပ်စခန်း ၂ ခု သိမ်းပိုက်ရရှိမှုတွင် စစ်သား ၃၀ ကျော် သေဆုံးပြီး လက်နက် ၁၉ လက်နှင့် ခဲယမ်းများရရှိကြောင်း KNDF က တရားဝင်သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သေးဆူလဲကျေးရွာ နှင့် ပူဖားကျေးရွာတို့တွင် ခြေကုပ်ယူတပ်စွဲထားသော စစ်ကောင်စီ၏ တပ်စခန်းများကို ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုများမှ ဝင်ရောက်စီးနင်း၍ ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း၊ သေးဆူလဲကျေးရွာ နှင့် ပူဖားကျေးရွာအတွင်း အခိုင်အမာတပ်စွဲ၍ ခြေကုပ်ယူထားသော စစ်ကောင်စီ၏ တပ်စခန်းများကို နံနက် ၅ နာရီခွဲအချိန်မှစ၍ ကရင်နီတပ်မတော်(KA) ၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF) ၊ အလယ်ပိုင်းတိုင်း – ကရင်နီ(ကယား) စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်း နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့ပူးပေါင်း၍ တစ်ပြိုင်နက်တည်း စီးနင်းဝင်ရောက်၍ ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲသည် နံနက် ၅ နာရီခွဲအချိန်မှစ၍ ၉နာရီခွဲအထိ ကြာမြင့်ခဲ့ကြောင်း၊ အထက်ပါနေရာများတွင် တပ်စွဲထားခဲ့သည့် စစ်ကောင်စီ၏ စကခ(၂) လက်အောက်ခံ၊ ခလရ (၉)မှ ဒုတပ်ရင်းမှူး ရဲလင်းနိုင်မှာလည်း လက်အောက်ရှိ အရာရှိများနှင့် တပ်သားများအား အသေခံ၍ ခံပစ်ခိုင်းကာ ၎င်းမှာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့ကြောင်း၊ စစ် အရာရှိများအပါအဝင် စစ်သား ၃၀ ဦး ကျော် သေဆုံးကြောင်း၊ ဒဏ်ရာရရှိသူများပြားပြီး ထိတွေ့မှုများအတွင်း ဦးတည်ရာမဲ့ထွက်ပြေးနေသူများလည်း ရှိကြောင်း သိရှိရသည်။
တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ပေါင်းစုများဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့များထံမှ လက်နက်ငယ်မျိုးစုံ ၁၅ လက် ၊ ၆၀ မမ ပြောင်း ၂ လက် ၊ RPG-7 ၁ လက် ၊ ငါးကြင်းမြီး ၁ လက် ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ ၊ ကျည်ဆံများ ၊ ဆက်သွယ်ရေးစက်များနှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပြီး လက်ရှိတွင်လည်း သေးဆူလဲ ၊ပူဖားကျေးရွာများတွင် ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်ပွါးလျက်ရှိကြောင်း သိရှိရသည်။

