ရေနံချောင်းတွင် ခလရ ၇၇ က ပြည်သူများ၏ ဆိုင်ကယ်များကို သိမ်းဆည်းပြီး တပ်တွင်း မိသားစုများကို အိမ်ထောင်စု တစ်စုလျှင် ဆိုင်ကယ် တစ်စီးဖြင့် ပြန်လည်ဝေပေး
ရန်ကုန်၊ စက်တင်ဘာ ၅
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း အမှတ် ၇၇ (ခလရ ၇၇ ) က မြို့ပေါ်တွင် ဆိုင်ကယ်များကို ဖမ်းဆီး စစ်ဆေး သိမ်းဆည်းပြီး တပ်တွင်းမိသားစုများကို အိမ်ထောင်စုတစ်စုလျှင် ဆိုင်ကယ်တစ်စီးနှုန်းဖြင့် ပြန်လည်ဝေငှနေသဖြင့် မြို့နေပြည်သူများ မကျေမနပ် ဖြစ်နေကြကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။
ရေနံချောင်းမြို့နယ်တွင် စစ်တပ်က ဂိတ်များချ၍ ဆိုင်ကယ်များကို လိုင်စင်၊ ဝှီးတက်စစ်ဆေးခြင်း၊ ဆိုင်ကယ်ဦးထုပ် ပါ၊ မပါ စစ်ဆေးခြင်း၊ ဆိုင်ကယ်ကို အမျိုးသား ၂ ဦး ပူးတွဲ စီးနင်းခြင်းတို့ကို စစ်ဆေး ဖမ်းဆီး သိမ်းဆည်းကြောင်း၊ တချို့သော ဆိုင်ကယ်များကို လိုင်စင်နှင့်ဝှီးတက် အပြည့်အစုံ ပါရှိသည့်တိုင် စကားပြော မပြေပြစ်ဟုဆိုကာ ဖမ်းဆီး သိမ်းဆည်းမှုများရှိကြောင်း၊ လိုင်စင်မရှိသော ဆိုင်ကယ်များကို ချက်ချင်း သိမ်းယူပြီး လူကို ဖမ်းဆီး၍ ဒဏ်ရိုက်ကြောင်း သိရှိရသည်။
“ဆိုင်ကယ်တွေကို ဂိတ်ချပြီး စစ်တယ်။ မြို့ရဲ့ နေရာတိုင်းမှာ စစ်တယ်။ လိုင်စင်၊ ဝှီးတက် ပါ၊ မပါ။ နောက်တစ်ခါ ဆိုင်ကယ် ဦးထုပ်မစီးရင်လည်း စစ်တယ်။ ဖုန်းတွေစစ်တယ်။ ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပို့စ်တွေ့တယ်ဆိုရင်လည်း ဆိုင်ကယ်ကို သိမ်းတယ်။ စစ်တာက လုံခြုံရေးအရ စစ်တာမဟုတ်ဘူး။ ဆိုင်ကယ်ကို သိမ်းချင်လို့ကို စစ်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အခြားရေနံချောင်းမြို့မှ ပြည်သူတစ်ဦးကမူ “လိုင်စင်ဝှီးတက်အပြည့်အစုံပါရင်လည်းဖမ်းပါတယ်။ ပြန်လည်ရွေးယူခွင့်လည်းမရှိပါဘူး။ ကားပေါ်ချက်ချင်းတင်ပြီး သိမ်းသွားပါတယ်။ ဆိုင်ကယ်မစီးရအမိန့်ထုတ်ပြန်ထားတဲ့နယ်မြေမဟုတ်ပါဘူး without ဘီးဖြစ်နေလို့ ဖမ်းရင်တော်ပါသေးတယ်။ အခုဟာကအကုန်ဖမ်းနေတာ ဘာမှလည်းပြန်ပြောလို့မရဘူး။ သူတို့ကတော့ တပ်ထဲရောက်ရင်တစ်ယောက်တစ်စီး ပြန်ပြီးပေးနေကြတယ် ပြည်သူတွေကို ကိုယ်ချင်းစာစေချင်ပါတယ်” ဟု ပြောဆိုသည်။
စစ်တက် သိမ်းဆည်းရရှိသော ဆိုင်ကယ်များကို စစ်တပ်အတွင်းသို့ တစ်ခါတည်း ယူဆောင်သွားပြီး ပြန်လည် ရွေးယူခွင့်လည်းမပေးကြောင်း၊ ထို့နောက် သိမ်းဆည်းရရှိသော ဆိုင်ကယ်များကို တပ်တွင်း မိသားစုများကို အိမ်ထောင်စုတစ်စုလျှင် ဆိုင်ကယ်တစ်စီးနှုန်းဖြင့် အခမဲ့ ပြန်လည် ဝေငှကြောင်း သိရှိရသည်။
“ဆိုင်ကယ်တွေကို ဖမ်းသွားရင် ပြန်လည်း ရွေးလို့မရဘူး။အဲဒါက ကိုယ့်ဆိုင်ကယ်လေး ရ၊ မရ တပ်နဲ့ နီးစပ်တဲ့လူတွေ မေးကြည့်တော့ ပြန်မရတော့ဘူး။ တပ်ထဲမှာ ပြန်ဝေလိုက်ပြီ။ အိမ်ထောင်စုတစ်စုကို ဆိုင်ကယ်တစ်စီးနှုန်းပြန်ဝေပေးတယ်။ နောက်ပြီး ပြည်သူ့စစ်အဖွဲ့တွေကိုလည်း ဆိုင်ကယ်တွေ ပေးတယ်” ဟု ဒေသပြည်သူက ဆက်လက်ရှင်းလင်းပြောဆိုသည်။
ရေနံချောင်းမြို့နယ်တွင် ခလရ ၇၇ က အဓိက လုံခြုံရေးယူ၍ ပြည်သူများကို ခြိမ်းခြောက် ဖိနှိပ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ်အတွင်း ဆန္ဒပြပြည်သူများ၏ ဆိုင်ကယ်များကို အတင်းအဓမ္မ ခိုးယူ သိမ်းဆည်းနေသော အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။ )
