လှိုင်သာယာတွင် အသက် ၉ နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင် ၃ ဦးကို သတ်ဖြတ်ပြီး ရွှေငွေများ လုယက်မှု စစ်တပ်နှင့်ရဲများ၏ လက်ကိုင်တုတ် ပျူစောထီး လူမိုက်ထောင်ထွက်အုပ်စုများနှင့်ပတ်သက်
ရန်ကုန်၊ စက်တင်ဘာ ၅
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် အသက် ၉ နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် ၃ ဦးကို သတ်ဖြတ်ပြီး ရွှေငွေများ လုယက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ လူသတ်မှုတွင် စစ်တပ်နှင့်ရဲများက PDF နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးနှိပ်ကွပ်ရန် ဖွဲ့စည်းထားသော ပျူစောထီး(ခေါ်) ပြည်သူ့စစ် လူမိုက်ထောင်ထွက်အုပ်စုများနှင့်ပတ်သက်နေကြောင်း ရဲသတင်းရင်းမြစ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ထံမှ သိရှိရသည်။
စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ အမှတ် ၈၄၁/က အနန္တသူရိယလမ်း၊ အမှတ် ၁၈ ရပ်ကွက်နေအိမ်တွင် ဦးဌေးလွင် ၊ ဇနီးဒေါ်စုလှိုင်ဝင်း နှင့် အသက် ၉ နှစ်အရွယ် သား ဖြိုးမြတ်ကိုကိုတို့သည် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ နေအိမ်အတွင်းမှ ရွှေငွေနှင့်လ က်ဝတ်ရတနာများစွာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။
လက်ရှိ လှိုင်သာယာတွင် စစ်တပ်နှင့်ရဲများက လူမိုက်ထောင်ထွက်များကို PDF နှင့် နိုင်ငံရေးလှုပ်ရှားမှုများကို နှိမ်နင်းရေးအတွက် လုံခြုံရေး တာဝန်ခံ ပျူစောထီးအဖွဲ့ များအဖြစ် ဖွဲ့စည်းပေးပြီး ကင်းလှည့်စေခြင်း၊ နိုင်ငံရေးလှုပ်ရှားသူများ၏ သတင်းများ၊ PDF သတင်းများကို စုဆောင်းခိုင်းစေခြင်းတို့ကို ပေါ်ပေါ်တင်တင် လုပ်ဆောင်နေကြောင်း၊ လူမိုက်ထောင်ထွက်များသည် ပျူစောထီးများအဖြစ် ရပ်ကွက်နေပြည်သူများကို အနိုင့်ကျင့်ခြင်း၊ အကြွေးတောင်းခြင်း၊ မြေယာပြဿနာများတွင် ငွေကြေးရယူ၍ ဖယ်ရှားရှင်းလင်းခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ လောင်းကစား များ လုပ်ပိုင်ခွင့် အခွင့်အရေးများ ရရှိလာကြောင်း သိရှိရသည်။
“အခု လှိုင်သာယာမှာ မှုခင်းတွေပေါနေတာ၊ လူသတ်မှုတွေ အဖြစ်များလာတာက လူမိုက်ထောင်ထွက်တွေက ပျူစောထီးဆိုပြီး တုတ်၊ ဓားကိုင် ပေါ်ပေါ်တင်တင် ရပ်တည်လာနိုင်တာ။ စစ်တပ်၊ ရဲ က လူမိုက်တွေပေါင်းစားလုပ်စားကြတာ။ လှိုင်သာယာမြို့နယ်မှာတင်မဟုတ်ပါဘူး။ အင်းစိန်မှာဆိုရင် ကျော်ဝင်းစိတ်နဲ့ ကျင်ဟုတ် လိုလူမိုက်တွေက မင်းမူနေတယ်။ စစ်တပ်နဲ့ရဲကလည်း သူတို့အတွက် လုံခြုံရေး ယူပေး၊ PDF အန္တရာယ် ကာကွယ်ဖို့ သုံးကြတာ။ လူမိုက်တွေက တရားဝင် အလုပ်လုပ်ခွင့်ရတယ်။ အကြွေးတောင်းတာ၊ မြောယာပြဿနာတက်နေတဲ့ နေရာမှာ လူမိုက်တွေ သုံးလာတာ။ အများကြီးပေါ့။ အခု လူသတ်မှုကလည်း ထောင်ထွက်တွေနဲ့ပတ်သက်နေတယ်လို့ သိရတယ်။ လိုက်တော့ လိုက်နေကြပြီ” ဟု လှိုင်သာယာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေး သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။
လှိုင်သာယာမြိုနယ်တွင် လူမိုက်အဖြစ် ဝင်းနိုင်က ခေါင်းဆောင်ပြီး ပျူစောထီးအဖွဲ့ ဖွဲ့စည်းထားကြောင်း၊ ရိုးကြီးရိုးလေး၊ ရွေလင်ဗန်းတို့တွင် တရားဝင် ဗိုလ်ကျ အနိုင်ကျင့်ခွင့်နှင့် မှုခင်း ကျူးလွန်ခွင့်များရရှိနေကြကြောင်း သိရှိရသည်။