KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး၊ ဖာပွန်တွင် စစ်သား အချင်းချင်းပစ်ခတ်မှု ၂ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၅
KNU တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး ခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂ ရက်နေ့တွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ် နှင့် လူသောမြို့နယ် အတွင်း ကရင် အမျိုးသားလွတ်မြောက် ရေးတပ်မတော် (Karen National Liberation Army-KNLA) အမှတ် ၅ တပ်မဟာမှ ရဲဘော်များနှင့် အကြမ်းဖက် စစ်တပ်တို့အကြား တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ စစ်တပ်၏ တဲ ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဘက်မှ ထိခိုက် ဒဏ်ရာရရှိခဲ့မှု မရှိကြောင်း သိရှိရသည်။
ထို့ပြင် ဩဂုတ်လ ၃၁ ရက်နေ့ကလည်း ဖာပွန်မြို့ ရပ်ကွက် ၂ နှင့် သိမ်ကုန်းရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၃၄၁ တပ်ရင်းမှ စစ်သားများ စကားများပြီး အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားကာ အရာခံ ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦး တို့သေဆုံးခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာ ၂ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဖာပွန်မြို့ရှိ ဝေမုံကျေးရွာအနီး လယ်ကွင်း တစ်နေရာတွင် နွားသွားကျောင်းသည့် ကျေးရွာသား စောအအဲကို ဖာပွန်အခြေစိုက် စစ်တပ် အောက်ခံ ခမရ-၃၄၁ တပ်ရင်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အတွက် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
