ညောင်လေးပင်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး၊ စစ်တပ် ထောင်ထားသောမိုင်းနင်းမိပြီး ပြည်သူ ၂ ဦးဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၅
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။
စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၄ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ ခလရ−၂၆၄ တပ်ရင်းက ပိန်းဇလုပ်မှနေ၍ နွားရေချောင်း ကျေးရွာအတွင်း ၈၁ မမ လက်နက်ကြီး ၁၅ လုံးကို ပစ်ခတ်ခဲ့ရာ အသက် ၄၅ နှစ်အရွယ် စောထွန်းနိုင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၄ မိနစ်ခန့်တွင် လယ်ဒို(ကျောက်ကြီး) မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက နတ်သံကွင်းတွင် အခြေချပြီး ၁၂၀ မမ နှင့် ၈၁ မမ လက်နက်ကြီး ၂ လုံးကို တရေးစီလော (နရွဲပင်) ရွာ အတွင်း ပစ်ခတ်ခဲ့ရာ အစိုင်း (ခေါ်) စိုင်းသူရထွန်း (၂၇) နှစ်မှာ အပြင်းအထန် ဒဏ်ရာရရှိပြီး ညနေ ၃ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် သမင်အင်းကုန်းကျေးရွာသား ၂ ဦး ဖြစ်သည့် အသက် ၄၂ နှစ်အရွယ် ဇော်မင်းထွန်း နှင့် အသက် ၃၂ နှစ်အရွယ် အယ်ကော်မူး တို့သည် စစ်ဘေးရှောင်နေရာမှ ရိက္ခာ လိုအပ်သည့် အတွက် သမင်အင်းကုန် ကျေးရွာအတွင်းကို ရိက္ခာပြန်လာယူစဥ် အကြမ်းဖက် စစ်တပ်က ရွာထဲဝင်ရောက်စဥ်၌ ထောင်ထားခဲ့သည့် နင်းမိုင်းများ နင်းမိပြီး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဆောထိ(ရွှေကျင်)မြို့နယ်တွင်လည်း စက်တင်ဘာလ ၂ ရက်နေ့က အင်းကနီနှင့် ကျောက်တန်းရွာသား များဖြစ် သည့် ကိုသန်းနိုင်ဦး၊ အငယ်လေး၊ ကိုဝင်းနိုင် နှင့် ကိုအောင်မင်းသက် တို့သည် ရွှေကျင်မြို့ပေါ်ကို ဈေးဝယ်ရန် ထွက်ခွာလာစဥ် အကြမ်းဖက် စစ်တပ်၏ ရှမ်းရွာဂိတ်တွင် ဖမ်းဆီးခံရပြီး ကျေးရွာမှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံကာ အကြမ်းဖက် စစ်တပ်က တောင်းခံသည့် ငွေကျပ် ၁၀ ကို ပေးဆောင်ခဲ့ရပြီး ဝန်ခံကတိများထိုးခိုင်းကာ ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။

