ပုလဲမြို့တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၅
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အလယ်ဘုံရွာအနီးတွင်အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း M7 People Defense Army မှ ဒုတပ်ရင်းမှူး ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယနေ့ စက်တင်ဘာလ ၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ပုလဲမြို့မရဲစခန်းမှ မြို့ကိုလှည့်ကင်း ပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်သား၊ ရဲများကို အလယ်ဘုံကျေးရွာအနီး အရောက်မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများတွင် မျက်လုံးထိခိုက်မိ သူများရှိပြီး မုံရွာမြို့ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
“ပုလဲမြို့မရဲစခန်းကနေပြီးတော့ ရှေ့ကင်းအနေနဲ့ ၇ ဦးထွက်လာတာ၊ မြို့ပတ်တဲ့ပုံစံမျိုးပေါ့၊ အဲဒါကို ပုလဲမြို့ရဲ့မြောက်ဘက် အလယ်ဘုံရွာနားလောက်အရောက်မှာ မိုင်းဆွဲလိုက်တာ၊ ပထမ တစ်လုံးမိုင်း ဆွဲ တိုက်ခိုက်တယ် ၃ ယောက်သေသွားတယ်၊ နောက်တစ်ခါ ရဲနဲ့ စစ်သား ၁၅ ယောက်လောက်နေမှာ ထပ် လိုက်လာတာ၊ အဲဒါကိုမိုင်းထပ်ဆွဲတိုက်ခိုက်တာ၊ ရှေ့ပွိုင့်ကတော့ ၃ ဦးသေတယ်၊ နောက်စစ်ကြောင်း ကတော့ ၁၀ ယောက်ဒဏ်ရာရတယ်၊ မျက်လုံးထိတယ်လို့ ကြားတယ်၊ မိုင်းဆွဲပြီးတော့ ဘေးမှာ ၂ မိနစ် လောက်ရမ်းသမ်းပစ်ပြီးတော့ ပြန်ဝင်သွားပြီ၊ မျက်လုံးထိတဲ့တစ်ယောက်ကတော့ ပုလဲတင်မရလို့ မုံရွာ ဆေးရုံကြီးဘက်ကို ပို့မယ်လို့ သတင်းရတယ်” ဟု M7 People Defense Army မှ ဒုတပ်ရင်းမှူး ကိုမြတ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါတိုက်ခိုက်မှုကို M7 People Defense Army ၊ ပုလဲမြို့နယ်ပကဖ၊ တိုက်နယ် ၇ ပကဖတို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။