29 C
Yangon

မြောက်ဥက္ကလာပမြို့နယ် ထွေ/အုပ်ရုံးနှင့် ကြံ့ဖွတ်ရုံးတို့ကို PDF က လက်ပစ်ဗုံးအသုံးပြု တိုက်ခိုက်ပြီး စစ်တပ်က လာရောက် စစ်ဆေးချိန် မိုင်း ထပ်ခွဲ

Must read

မြောက်ဥက္ကလာပမြို့နယ် ထွေ/အုပ်ရုံးနှင့် ကြံ့ဖွတ်ရုံးတို့ကို PDF က လက်ပစ်ဗုံးအသုံးပြု တိုက်ခိုက်ပြီး စစ်တပ်က လာရောက် စစ်ဆေးချိန် မိုင်း ထပ်ခွဲ

ရန်ကုန်၊ စက်တင်ဘာ ၆

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ကြံ့ဖွတ်ရုံးတို့ကို မြောက်ဥက္ကလာ PDF က လက်ပစ်ဗုံးအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က တရားဝင် ပြောဆိုသည်။

စက်တင်ဘာ ၅ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးအတွင်း အထိုင်ချတပ်စွဲထားသော စစ်တပ်ကို မြောက်ဥက္ကလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ခွဲ(၂) ရဲဘော်များက လက်ပစ်ဗုံးအသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က စစ်ဆေးရေးနှင့် ရှင်းလင်းရေးလုပ်ရန်ဆောင်ရွက်နေချိန် ထပ်မံ၍ ချိန်ကိုက်မိုင်းအသုံးပြုဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ည ၇ နာရီ ၂၉ မိနစ်မှာ မြောက်ဥ ကလာပ ထွေအုပ်ရုံးမှာ ဗုံး ၂ လုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်တယ်။ အဲဒီနောက် ရုံးစောင့် စစ်တပ်က လမ်းမဘက်ကိုသေနတ်တွေနဲ့ လှမ်းပစ်တယ်။ ဗုံးကွဲသံကလည်း အရမ်းကို ကျယ်ပါတယ်။ သေနတ်ကတော့ ၄ ချက်၊ ၅ ချက် ဆက်တိုက်ပစ်တာ” ဟု မြောက်ဥက္ကလာပမြို့နယ်ထွေ/အုပ်ရုံးအနီးနေထိုင်သူ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောဆိုသည်။

ယင်းနောက် စစ်တပ်က မြောက်ဥက္ကလာပမြို့နယ် အဝင်အထွက်များကို ဂိတ်ချစစ်ဆေးနေပြီး ဈဈေး အနားရှိ အဓိက လမ်းမကြီးကို ပိတ်ချ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အလားတူ မြောက်ဒဂုံမြို့နယ်တွင်လည်း ယနေ့ည ၇ နာရီ ၃၀ မိနစ်အချိန်က အလွန်ကျယ်လောင်သော ဗုံးပေါက်ကွဲသံကြားခဲ့ရကြောင်း မြောက်ဒဂုံနာရေးကူညီမှုအသင်းအနီးတွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်။

“ပေါက်ကွဲသံက မြောက်ဒဂုံဘက်ကလို့တော့ ထင်တာပဲ။ မြောက်ဥက္ကလာအ၀ိုင်းဘက်နဲ့လည်း ကျနော်တို့က နီးတော့ ဘယ်မြို့နယ်ထဲပေါက်လဲ တော့ သေသေချာချာမသိဘူး။ မိတ်ဆွေကားသမားတချို့ပြောတာ မြောက်ဒဂုံထဲမှာလည်း ဗုံးပေါက်တယ်ပြောတယ်” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

ထို့အတူ အင်းစိန်မြို့နယ်တွင်လည်း ယမန်နေ့ည ၈ နာရီ ၁၄ မိနစ်အချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း အင်းစိန်ဒေသပြည်သူတချို့က ပြောဆိုကြပြီး ပေါက်ကွဲသည့်နေရာကို မသိရသော်လည်း အင်းစိန်ထောင်အနီးနေထိုင်သူ ပြည်သူတချို့က ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်ကြောင်း ပြောဆိုကြသည်။

” ည ၈ နာရီကျော်ကျော်လောက်မှာ ဗုံးပေါက်သံကြားရပါတယ်။ အင်းစိန်စျေးနားနဲ့ အင်းစိန်ထောင်နားမှာတော့ တပ်နဲ့ရဲတွေ လှည့်ပတ်နေကြတယ်။ အင်းစိန် မီးသတ်ရှေ့နားမှာတော့ စစ်ဆေးတာတွေရှိတယ်” ဟု အင်းစိန်ထောင်အနီး နေထိုင်သူ ပြည်သူက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ်တွင် မြောက်ဥက္ကလာပထွေ/အုပ်ရုံးအနီးတွင် ဗုံးပေါက်ကွဲခဲ့စဉ်။ (ပုံအဟောင်းဖြစ်သည်။)

၂၀၂၁ ခုနှစ်တွင် မြောက်ဥက္ကလာပထွေ/အုပ်ရုံးအနီးတွင် ဗုံးပေါက်ကွဲခဲ့စဉ်။ (ပုံအဟောင်းဖြစ်သည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article