ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း ထိုးနေပြီး ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ စက်တင်ဘာ ၆
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်းကို စက်တင်ဘာ ၄ ရက်နေ့မှ စ၍ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထပ်မံထိုးနေ၍ ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် စစ်ဘေးရှောင်ပြေးနေရကြောင်း Infinity Group မှ တာဝန်ရှိသူမှ ရန်ကုန်ေခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက် စစ်တပ်သည် ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့အထိ စစ်ကြောင်းထိုး၍ စစ်ရေးလှုပ်ရှားခဲ့ပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့တွင် နယ်မြေခံပျူစောထီးအများဆုံးပါဝင်သော စစ်ကြောင်း ၃ ခုပူးပေါင်းကာ ထပ်မံစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရသည်။
“ညပိုင်းကတော့ အင်းလယ်ကြီးရွာထဲ တပ်စွဲတယ်ပြောတယ်ဗျ။စစ်ရှောင်ဦးရေက ၁၀၀၀၀ ကျော်ပါတယ်ဗျ။ တိုက်ပွဲ မကြားမိသေးဘူးဗျ” ဟု Infinity Group မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်နှင် ပျူစောထီးများ စစ်ကြောင်းထိုးနေသည့်အတွက် ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ညောင်ပေါင်ရင်း၊ ရွာမ၊ ဉာဏ်အင်း၊ အင်းလယ်ကြီး၊ ကျေးပင်အက်၊ အင်္ဂါဒေါင့်၊ သရက်တာ၊ ထိန်တော၊ ဆူးပုတ်ကုန်း၊ ဘိုတဲကုန်း၊ ဘိုကုန်း၊ ပေလည်၊ မဲသည်၊ သပြေသာ၊ ကိုင်းရိုး အစရှိသည့် ကျေးရွာများမှ ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အင်းလယ်ကြီးရွာအနီးရှိ တောထဲတဲတိုက်များကို ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းများခိုးယက်ယူဆောင်နေသည့်အပြင် တဲအိမ်အချို့ကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများထံမှ သိရသည်။