ယင်းမာပင်တွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ၊ မြိုင်တွင် ရိက္ခာပို့ရန် လူစုနေသည့် စစ်သားများအား ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်မှု ၃ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၆
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၆ ရက် နံနက် ၈ နာရီခွဲခန့်က အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားပြီး စည်သူ သစ်ကွင်းမှ သစ်များခိုးထုတ်ရန် လုံခြုံရေးယူကာ တပ်စွဲထားသည့် ကျောင်းမှော်မြစ်ဆိပ်ကျေးရွာ အ တွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အလစ်အငိုက်ဝင်ရောက် တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး M2 သေနတ် ၁ လက်၊ M1 သေနတ် ၂ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
“အဲဒီရွာမှာ တပ်စွဲထားတာက ၁ လနီးပါးရှိပြီ၊ မနက်က ၈ နာရီခွဲလောက်ကနေ ၉ နာရီလောက်အထိ နာရီဝက်လောက်ကြခဲ့တယ်၊ ကျောက်စစ်ပုံကနေပြီးတော့ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ကျနော်တို့ ရဲ ဘော်တွေမှာလည်း ကျည်အားက လုံလုံလောက်လောက်မရှိတာနဲ့နောက်ပြန်ဆုတ်ခဲ့ရတာ၊ ၂ ယောက် ထိမှန်ကျဆုံးတဲ့အချိန်မှာ နောက်ထပ် ၅ ယောက်ထပ်တက်လာတဲ့ဟာ ကျဆုံးရောဆိုရင် ၇ ယောက် ၈ ယောက်လောက်တော့ရှိမှာ၊ အတည်ပြုနိုင်တာတော့ ၅ ယောက်ပေါ့နော၊ ၅ ယောက်က တစ်လက်ပဲ ရ ခဲ့တယ်၊ ပထမဆုံး ၂ ယောက်က ၂ လက်ရခဲ့တာပေါ့၊ အားလုံးပေါင်း ၃ လက်ရခဲ့တာပေါ့၊ ဒီနေ့ည မော် တော်တစ်စီးနဲ့ ထပ်အင်အားဖြည့်တယ်၊” ယင်းမာပင်ခရိုင် တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၁ ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂ နှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၆ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်၊ အင်းပြားကျေးရွာအတွင်း ဝင်ရောက် လာသော အကြမ်းဖက်စစ်သားများကို သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီးရွာကို ရိက္ခာပို့ရန် လူစုနေသည့် စစ်သားများအား ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်မှု ၃ ဦးသေဆုံးခဲ့ကြောင်း Phoenix Ranger (P.R.D.F) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကန်နီပျူစောထီးရွာကို ရိက္ခာပို့ရန် အင်အားအလုံးအရင်းဖြင့် မြိုင်မြို့ စာသင်ကျောင်းအတွင်း လူစုနေစဥ် Rocket များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Phoenix Ranger (P.R.D.F) နှင့် ဆင်ရိုင်းတပ်ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက သွားရောက်ပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်နေခြင်းကြောင့် ပြည်သူများ အနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီပေးရန် Phoenix Ranger (P.R.D.F) က ထုတ်ပြန်ထားသည်။