ကျိုက်ထိုနှင့် ဝေါ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်
ရန်ကုန်၊ စက်တင်ဘာ ၇
ပဲခူးတိုင်းရှိ ကျိုက်ထိုမြို့နယ်နှင့် ဝေါ မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် သိမ်ဇရပ်မြို့နယ်ရှိ အမတ ၃၁၀ မှ ၈၁ မမ လက်နက်ကြီး. ၂ လုံးဖြင့် ကျိုက်ထိုမြို့နယ်၊ ခရွဲ ကျေးရွာ ဝေဇေယန္တာ ကုန်းတော် ကို ပစ်ခတ်ခဲ့ပြီး သီဟိုဋ်ပင်များသာ ထိမှန်ခဲ့ပြီး ပြည်သူနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲ ၁၁ နာရီ ၄၄ မိနစ်တွင် ဝေါမြို့နယ် ကျောက်ပုံရွာ စာသင်ကျောင်း အရှေ့ လမ်းပေါ်မှ အကြမ်းဖက် စစ်တပ်က ၈၁ မမ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာနှင့် ဝေါမြို့နယ် လက်ပံကျေးရွာ တောင်ဘက်ကမ်းကို ကျရောက်ပေါက်ကွဲခဲ့ကာ ပြည်သူများ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။