ဖြူးမြို့ပေါ်ရှိ စစ်တပ် စခန်းများ ပစ်ခတ်ခံရမည်ကို စိုးရိမ်သောကြောင့် ဖြူး-ဘန်းလောင် လမ်းပိုင်းကို စစ်တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီး
ရန်ကုန်၊ စက်တင်ဘာ ၇
ပဲခူးတိုင်း၊ ဖြူးမြို့ပေါ်ရှိ စစ်တပ် စခန်းများ ပစ်ခတ်ခံရမည်ကို စိုးရိမ်သောကြောင့် ဖြူး-ဘန်းလောင် လမ်းပိုင်းကို စစ်တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ်၊ ကင်မွန်းခြုံ ရွာထိပ်ရှိ ဖြူး-ဘန်းလောင် လမ်းပိုင်းကို ဖြူးမြို့ပေါ်မှ စစ်သားများနှင့် ရဲများက ဘူဒိုဇာဖြင့် လာရောက်ဖျက်ဆီးသွားကြောင်း၊ ယင်းလမ်းပိုင်းသည် ဖြူးမြို့နှင့် ၂ မိုင်ခန့်သာကွာဝေးပြီး ဖြူးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စခန်းများ ပစ်ခတ်တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် လာရောက် ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။
“ဖြူးမြို့မှာ အများပြည်သူ သွားလာနေတဲ့ ဖြူး-ဘန်းလောင်လမ်းကို စစ်ခွေးတွေနဲ့ ရဲခွေးတွေက ဘူဒိုဇာတွေနဲ့ တူးသွားတယ်။ ပြည်သူတွေ အခက်အခဲ ဖြစ်နေကြရတယ်။ အဲ့လမ်းကနေ ဖြူးမြို့ထဲကို လာလို့ရတယ်။ ဖြူးမြို့ပေါ်က သူတို့ စစ်ခွေး စခန်းတွေ ဒလန်တွေ ပစ်ခတ်ခံရမှာကြောက်နေလို့ ဖြစ်မယ်။ အခု ဖြတ်ထားတဲ့နေရာနဲ့ ဖြူးမြို့နဲ့က အရမ်းမဝေးပါဘူး။ အလွန်ဆုံးဝေးလှ ၂ မိုင်လောက်ပါပဲ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ကင်မွန်းခြုံရွာမှ စစ်တပ်အတွက် အလုပ်လုပ်ပေးသူဟု သတ်မှတ်ခံရသူ ရှမ်းလှအောင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

