Myanmar Now ဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချမှတ်
ရန်ကုန်၊ စက်တင်ဘာ ၇
Myanmar Now သတင်းဌာန၏ ဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်ကို စက်တင်ဘာ ၆ ရက်နေ့ အင်းစိန်ထောင် စစ်ခုံရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း Myanmar Now သတင်းဌာနက သတင်းထုတ်ပြန်သည်။
သတင်းဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်သည် ၂၀၂၃ ခုနှစ် မေလ ရခိုင်ပြည်နယ် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ဒေသတွင်းပြည်သူများ ဒုက္ခရောက်နေပုံကို ရန်ကုန်မှ လျှို့ဝှက်သွားရောက် သတင်းရယူချိန်တွင် မေလ ၂၃ ရက်နေ့ စစ်တွေ မြို့တွင်အကြမ်းဖက်စစ်တပ်၏ ဖမ််းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။
ကိုစိုင်းဇော်သိုက်ကို အကြမ်းဖက်စစ်တပ်သည် ဖမ်းဆီးပြီးနောက် ရန်ကုန်ရှိ စစ်ကြောရေးစခန်းတစ်ခုတွင် ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ယင်းနောက် ပုဒ်မမျိုးစုံဖြင့် အမှုဖွင့်ကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားကာ စက်တင် ဘာ ၆ ရက်နေ့တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းပြီးနောက် သတင်းသမားများကို ဖမ်းဆီးခြင်း၊ သတင်းမီဒီယာများကို ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့ပြီး စစ်တပ်၏ လက်ချက်ဖြင့် သတင်းသမား အနည်းဆုံး ၄ ဦးကျဆုံးခဲ့ရကာ အကျဉ်းထောင် များ တွင် သတင်းသမား ၄၀ ကျော် ထောင်သွင်းအကျဉ်းချခံထားရသည်။
ဓာတ်ပုံ- သတင်းဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်။
Photo- Myanmar Now
