စသုံးလုံး ညွှန်ချုပ် မောင်မောင်ကျော်ကို ဌာနပြောင်းရွှေ့ပြီး ကာကွယ်ရေး ဝန်ကြီး ဌာနမှ အောင်ဇော်လင်းကို ညွှန်ချုပ်သစ်အဖြစ် အစားထိုးခန့်အပ်မှု ဌာနတွင်း မကျေနပ်မှုများ ဖြစ်နေ
ရန်ကုန်၊ စက်တင်ဘာ ၇
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် မောင်မောင်ကျော်ကို စစ်ကောင်စီက ဌာနပြောင်း ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ အောင်ဇော်လင်းကို စသုံးလုံး ညွှန်ချုပ်သစ်အဖြစ် အစားထိုး ခန့်အပ်မှုအပေါ် စသုံးလုံးဌာနအတွင်း မကျေနပ်မှုများဖြစ်ပေါ် နေကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက စသုံးလုံးဌာန ညွှန်ချုပ် မောင်မောင်ကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း၊ ယင်း နောက် ကာကွယ်ရေးဝန်ကြီးဌာနမှ အောင်ဇော်လင်းကို စသုံးလုံး ညွှန်ချုပ် အဖြစ် ခန့်အပ် ကြောင်း စက်တင်ဘာလ ၇ ရက်နေ့ထုတ်သတင်းစာ များတွင် ဖော်ပြထားသည်။
“ဌာနတွင်းမှာက ညွှန်ချုပ်နေရာကို ချိန်နေကြတာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို တရားစွဲဖို့ တပ်ချုပ်က ညွှန်ကြားတော့ တက် တက် ကြွကြွလုပ်လိုက်ကြတာက အားလုံးက ရာထူးတိုးမျှော်လင့်ကြတာ။ ညွှန်ချုပ် နေရာကို ချိန်တဲ့အထဲမှာ ဒုချုပ် သိန်းနိုင်ထွန်းက ထိပ်ဆုံးက ။ နောက်တစ်ခါ ရဟတ်ယာဉ်အမှုအတွက် အမှုဆင်ပေးဖို့ တာဝန်ယူတဲ့ ညွှန်ကြားရေးမှူး စိုးနောင်ဦး ဆိုရင်လည်း သူလည်း ဒုချုပ်ဖြစ်ဖို့ မှန်းထားကြတာ။ အားလုံးက ရာထူးတိုးအတွက် မျှော်လင့်ပြီး ခိုင်းတာအကုန်လုပ်ခဲ့ကြတာ။ အခုကျတော့ ညွှန်ချုပ်နေရာကို တပ်ဘက်က စိတ်ကြိုက်လူနဲ့အစားထိုးတော့ ဌာနထဲမှာ ဗြောင်းဆန်ကုန်တာ။ အပြောင်းအရွှေ့က အခုမှ သတင်းစာထဲထည့်တာ။ အပြောင်းအလဲဖြစ်နေတာ အကုန်ကြိုသိထားကြတယ်။” ဟု စသုံးလုံးဌာန အတွင်းမှ အရာရှိတစ်ဦးက ဆိုသည်။
စစ်တပ်သတင်းရင်းမြစ်တစ်ခုက စသုံးလုံး ညွှန်ချုပ် ဦးမောင်မောင်ကျော်သည် စစ်တပ်က ခိုင်းသော ဌာနဆိုင်ရာ ကိစ္စတချို့ကို မပြီးစီးဘဲ အချိန်ကြာမြင့် ခြင်းနှင့် အလုပ်များကို အောက်ခြေဖြင့်သာ လွှဲအပ်လုပ်ခိုင်းမှုများကြောင့် ဌာန အပြောင်းခံ ရခြင်း ဖြစ်ကြောင်း၊ ဦးမောင်မောင်ကျော်သည် ပင်စင်ယူရန် နီးနေ ပြီ ဖြစ်သော်လည်း မင်းအောင်လှိုင်က ပင်စင်ယူရမည့်သက်တမ်း ထပ်မံ တိုးမြှင့်ခဲ့မှုကြောင့် တာဝန်ဆက်လက် ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ညွှန်ချုပ်က နည်းနည်း အလုပ်လုပ်တာ လေးတယ်။ ဌာနထဲမှာ တကယ်ချုပ် ကိုင်တာက ဒုချုပ် သိန်းနိုင်ထွန်းပဲ။ အခု နောက်ပိုင်း စသုံးလုံးက ကုန်စျေးကျ ဆင်းရေးကို အဓိက ကိုင်ရတော့ အရမ်းလုပ်များလာတယ်။ ရွှေကုန်သည်၊ ဒေါ်လာ၊ စပါးကုန်သည်၊ ဆီကုန်သည်၊ စက်သုံးဆီသမားတွေကို ဖမ်းဆီး မေးရ မြန်းရတော့ အရေးပါလာတယ်။ အဲဒါကြောင့် စစ်တပ်က စိတ်ကြိုက်လူကို ညွှန်ချုပ်အဖြစ် ခန့်အပ်တာလို့ ယူဆတယ်”ဟု ပဲခူးတိုင်း စသုံးလုံးဌာနမှ အရာထမ်းတစ်ဦးက ပြောဆိုသည်။
အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(ခေါ်) စသုံးလုံးဌာနမှ အရာရှိနှင့် ဝန်ထမ်း အများစုမှာ CDM ဝင်ခြင်းမရှိဘဲ စစ်တပ်လက်ကိုင်တုတ်အဖြစ် ဆောင်ရွက် ခဲ့သော ဌာနဖြစ်ကြောင်း ၊ သို့ရာတွင် စသုံးလုံးဌာနတွင် ဖရဲသီးဟု စွပ်စွဲကာ အရာရှိတချို့နှင့်ဝန်ထမ်းတချို့ကို ဖမ်းဆီးထောင်ချခြင်းများ စစ်ကောင်စီ က လက်ရှိအချိန်အထိ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဌာနပြောင်းခံရသည့် စသုံးလုံးညွှန်ချုပ်။
