မြိုင်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီများ လိုအပ်နေ
ရန်ကုန်၊ စက်တင်ဘာ ၈
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၄ ရက်နေ့က စတင်ကာ မြိုင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကာ လူဦးရေပိုမို များပြားလာပြီး ရန်ပုံငွေမရှိသောကြောင့် စားနိပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ယင်းဒေသများမှ ပြည်သူများသည် မြိုင်မြို့နယ်ဘက်ကို စစ်ဘေး တိမ်းရှောင် နေရကြောင်း သိရှိရသည်။
” စစ်ရှောင် အခြေအနေကတော့ အတော်များတယ်။ လက်ရှိ ကျေးရွာ ၁၀ ရွာကျော်က ပြည်သူ ၅၀၀၀ ကျော် ရှောင်နေကြရတယ်။ ၃ ရက် ၄ ရက်လောက်တော့ ရှိပြီ ဒီနေ့ဆို စစ်ကိုင်းနဲ့ မကွေးအစပ်ဘက်က ကျေးရွာတွေက ပြည်သူတွေပါ စစ်ကြောင်းထိုးလာလို့ မြိုင်နယ် မြောက်ခြမ်းကရွာတွေဆီ ရှောင်လာကြတာထပ်ရှိတယ်။ ကျွန်တော်တို့ အဓိကအခက်အခဲကတော့ ရန်ပုံငွေပြဿနာပါ ကူညီစရာနေရာတွေက ရှိနေပေမယ့် ကျွန်တော်တို့မှာ ရန်ပုံငွေမရှိနေတာ ဒီနေ့သွားတဲ့ပိုက်ဆံကလည်း ရန်ပုံငွေရှိလို့ သွားတာမဟုတ်ပဲ အကြွေးတွေဝယ်ပြီး သွားထောက်ပံ့ထားရတာမို့ ကူကြဖို့လေရော နှိုးဆော်ပေးပါဦး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
အဆိုပါ စစ်ဘေးရှောင် ပြည်သူများကို Basic Education General Strike Committee Of Myaing – BEGSC Myaing အဖွဲ့က စက်တင်ဘာလ ၇ ရက်နေ့က စားနပ်ရိက္ခာကူညီထောက်ပံ့မှုနှင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှု သွားရောက် လုပ်ဆောင်ပေးခဲ့ပြီး လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် ယင်းအဖွဲ့၏ Facebook page ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

