ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး
ရန်ကုန်၊ စက်တင်ဘာ ၈
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Daung Minn Thar -Yedashe-PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ရွှေသောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း တောင်ငူမြို့ အခြေစိုက် တလခ လေတပ်မှ Fighter Jet ဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ပူးပေါင်းတပ်ဖွဲ့ဝင်ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။
” တိုက်ပွဲ အခြေအနေကတော့ ဒီနေ့ ပြန်စောင့်ကြည့်နေတယ်။ တိုက်ပွဲ အတွင်း သေဆုံးခဲ့တဲ့ စစ်ခွေး ၂ ကောင်ထဲက တစ်ကောင်က command ပေးနေတဲ့ကောင်ဆိုတော့ သူတို့ စစ်ကြောင်းမှူးဖြစ်နိုင်တယ်။ စနိုက်ပါစာ မိတာပါ” ဟု Daung Minn Thar -Yedashe-PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟာ ၂ ၊ အဘဦးကိုကြီး ဦးဆောင်သော သံတောင်မြောက်ပိုင်းအထူးဒေသ NTDF ၊သံတောင်မြောက်ပိုင်းအထူးဒေသ တပ်ခွဲ (၄) ဒေါင်းမင်းသားညီနောင်စစ်ကြောင်း ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်မှ ကရင်ပြည်နယ် သံတောင်မြို့နယ်နှင့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် အစပ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဗျူဟာလမ်းတစ်လျှောက် စစ်အင်အားများ ဆက်လက်ဖြည့်တင်းနေပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ရေးအခြေနေ ဆက်လက်တင်းမာလျက်ရှိကြောင်း သိရှိရသည်။
