စစ်တွေမြို့ရှိ LWF Myanmar ရုံး မှ ဝန်ထမ်းများ၏ လစာကို ခေါင်းပုံဖြတ်ပြီး ဝန်ထမ်း ၈၀ ကို အလုပ်မှ အကြောင်းမဲ့ ထုတ်ပယ်
ရန်ကုန်၊ စက်တင်ဘာ ၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ LWF Myanmar (INGO) ရုံးရှိ မြန်မာ ဝန်ထမ်းများ၏ လစာကို ခေါင်းပုံဖြတ်ပြီး ဝန်ထမ်း ၈၀ ကို အလုပ်မှ အကြောင်းမဲ့ ထုတ်ပယ်ခဲ့ကြောင်း LWF Myanmar မှ မတရား အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
LWF Myanmar (INGO) ရုံးသည် လုပ်ခလစာများကို Euro မှ မြန်မာကျပ်ငွေသို့ ငွေလဲလှယ်ပေးရာတွင် ရရှိလာသည့် နှုန်းထားအတိုင်းမပေးဘဲ ၂၁၀၀ ကျပ်နှင့်သာ ပေးချေနေ၍ ဝန်ထမ်းများက အရေးဆိုကာ Silent Strike လုပ်ဆောင်ရာတွင် ဝန်ထမ်းများကို ညှိနှိုင်းမှု မရှိဘဲ မီးဖွားခါနီး ကိုယ်ဝန်ဆောင် ၄ ဦးနှင့် နို့တိုက် မိခင် ၄ ဦးအပါအဝင် စုစုပေါင်း ဝန်ထမ်း ၈၀ ကို အလုပ်ထုတ်ပစ်ခဲ့ကြောင်း သိရသည်။
“အခု စုစုပေါင်း အလုပ်ထုတ်ခံရတဲ့လူက အယောက် ၈၀ ပါ။ အမျိုးသား ၄၃ ယောက်ဖြစ်ပြီးတော့ အမျိုးသမီး ၃၇ ယောက်ဖြစ်ပါတယ်။ အဲဒီအထဲမှာ မီးဖွားတော့မယ် ကိုယ်ဝန်ဆောင် ၄ ဦးပါပါတယ်။ နို့တိုက်မိခင်လည်း ၄ ဦးပါပါတယ်” ဟု အလုပ်ထုတ်ခံရသည့် LWF Myanmar ဝန်ထမ်းတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ အခြေစိုက် Lutheran World Federation အဖွဲ့သည် မြန်မာဝန်ထမ်းများကို လစာပေးရာတွင် Euro မှ မြန်မာကျပ်ငွေနဲ့ကို လဲလှယ်၍ လစာပေးရာတွင် ရရှိသည့် နှုန်းထားအတိုင်း မပေးဘဲ ၂၁၀၀ ကျပ်ဖြင့်သာ ပေးချေနေ၍ ဝန်ထမ်းများက အရေးဆို၍တောင်းဆိုနေသည်မှာ ၂၀၁၈ ခုနှစ်ကတည်းက တောင်းဆိုနေခြင်းဖြစ်ကြောင်း ၊ စာချုပ်များကို Euro နှင့် ချုပ်ဆိုသော်လည်း ဝန်ထမ်းများကို ၂၁၀၀ နှုန်းနှင့်သာ ပေးချေနေခြင်းဖြစ်ကြောင်းသိရှိရသည်။
“လစာငွေတွေ ဆွေးနွေးနေတာ ၂ နှစ်ကျော်သွားပါပြီ။ ဝန်ထမ်းတွေရဲ့ လစာကို ဖြတ်စားချင်လို့ ဆိုတာမျိုးကကျတော့ လစာကို ဖြတ်စားချင်လို့ လုပ်နေတာ သေချာပေါက်ဖြစ်သွားပါပြီ။ တောင်းဆိုကြာတာက လစာတိုးတောင်းတာ မဟုတ်ဘဲ ၂၉၀၀ ကျပ်နဲ့ အခြားအဖွဲ့လို ပေးဖို့ တောင်းဆိုတာကို အာဏာရှင်ဆန်စွာ ခြိမ်းခြောက်မှုတွေ ပြုလုပ်ပြီး သူတို့ဖြတ်စားနေကြပါတယ်” အလုပ်ထုတ်ခံရသည့် LWF Myanmar ဝန်ထမ်းတစ်ဦးမှ ရန်ကုန်ခတ်သစ်သတင်းဌာနသို့ပြောကြားသည်။
ထို့ပြင် LWF Myanmar အနေနှင့် ဝန်ထမ်းများ၏ ရပိုင်ခွင့် တောင်းဆိုမှုအပေါ်တွင် ၎င်းတို့လက်ရှိ ပေးချေသည့် နှုန်းထားအတိုင်း လက်ခံရန်နှင့် လက်မခံပါက ၂၀၂၄ ခုနှစ် စာချုပ်ကို မြန်မာငွေနှင့် ပြောင်းပစ်မည်ဟူ၍ ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း၊ စက်တင်ဘာ ၄ ရက်နေ့တွင် ဝန်ထမ်းများကို အလုပ်ထုတ်ပယ်ခဲ့ပြီး အလုပ်ထုတ်ချိန်တွင် ဩဂုတ်လစာနှင့် အခြားရပိုင်ခွင့်များ ပေးချေခြင်း မရှိကြောင်း အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများက ပြောပြသည်။
ထိုသို့ ဝန်ထမ်းများ၏ အရေးဆိုမှုကို မသိကျိုးကျွံပြုကာ မတရား အလုပ်ထုတ်ပစ်သည့် LWF Myanmar ၏ မတရားသည့် စီမံခန့်ခွဲမှုများ ၊ စီမံခန့်ခွဲမှုအမှားများကို မြန်မာပြည်သူများ၊ အခြား မြန်မာနှင့် ကမ္ဘာမှ INGO အသိုင်းအဝိုင်းနှင့် အလှူရှင်များ သိရှိရန် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အလုပ်ထုတ်ခံရသည့် LWF Myanmar ဝန်ထမ်းများထံမှ သိရှိရသည်။
Lutheran World Federation (LWF) အဖွဲ့သည် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နေသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်သေည်။
